MT News
၉. ၂. ၂၀၂၄
အမြန်လမ်းတွင် Ertiga ယာဥ်တစ်စီး တာယာပွင့်ပြီး လမ်းလယ်ကျွန်းရှိ သစ်ပင်ကိုဝင်တိုက်ကာ တိမ်းမှောက်ရာမှ လိုက်ပါသူအားလုံးဒဏ်ရာရပြီး နှစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဖေဖော်ဝါရီ ၉ နေ့လယ် ၂ နာရီခွဲခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀/၄)နှင့် (၇၀/၅) အကြားတွင် SUZUKI ERTIGA (အမျိုးအစား) အနက်ရောင်ယာဥ်သည် မောင်းနှင်နေစဉ် နောက်ဘီးတာယာပွင့်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိကြောင်း သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၃)ဦး၊ ကလေးငယ် (၂) ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသမီး (၁)ဦးနှင့် ကလေးငယ်(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရပြီး ကျန် (၄) ဦးမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသဖြင့် ၎င်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဥ်ဖြင့် မြို့ချောင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။