၉. ၂. ၂၀၂၄
Written by Nay Moe
မှတ်ပုံပြန်မတင်တာကြောင့် ပါတီအဖြစ်ကအလိုအလျောက်ပျက်ပြယ်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွေဟာ ၁၆၄ ကြိမ် ဖျက်ဆီးခံခဲ့ရတယ်လို့ NLD ဗဟိုအလုပ်ကော်မတီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) – ၃ ကြိမ် ၊ တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ် ၊ ခရိုင်ရုံးများ – ၆ ကြိမ် ၊ မြို့နယ်ရုံးများ – ၁၁၂ ကြိမ် ၊ ရပ်ကျေးရုံးများ – ၂၈ ကြိမ် တို့ဖြင့် စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၄) ကြိမ် ရှိနေခဲ့ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ဖမ်းဆီးခံရသူတွေကလည်း (၁၇,၂၇၇) ဦး ရှိနေပြီး NLD အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦးနဲ့ အဖွဲ့ချုပ်ပါတီဝင် (၁၉၀၅) ဦး တို့ပါဝင်တယ်ဆိုသလို လက်ရှိဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သူ ကလေးသူငယ် (၃၅၄) ဦးနဲ့ ဖမ်းဆီးခံအမျိုးသမီး (၂၀၅၈) ဦး တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။