၉. ၂. ၂၀၂၄
Written by Pan Ei
အိန္ဒိယနိုင်ငံမြောက်ပိုင်း Haldwani မြို့မှာ ဗလီတစ်ခုကို တရားမဝင် ဆောက်လုပ်ခဲ့တယ်လို့ စွပ်စွဲကာ အာဏာပိုင်တွေက ဖြိုချပြီးနောက် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေက ဗလီနဲ့ ကပ်လျက်က ဘာသာရေးကျောင်းအပါအဝင် တရားမဝင် ဆောက်လုပ်မှုတွေကို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပြီး ဗလီမှာ ဝတ်ပြုဆုတောင်းသူတွေကတော့ မတရား ပစ်မှတ်ထားခံခဲ့ရတယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ လူ ၂ ဦးသေဆုံးပြီး ၃ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အာဏာပိုင်တွေက ဒီနေ့မှာ ပြောကြားခဲ့ကာ ရဲတွေနဲ့ သတင်းထောက်တွေ အပါအဝင် ကျောက်ခဲတွေနဲ့ ပစ်ပေါက်မှုကြောင့် လူ ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
Haldwani မြို့မှာ ညမထွက်ရအမိန့်ကို ဒုတိယမြောက်နေ့အတွက်ပါ ချမှတ်ထားပြီး Uttarakhand ပြည်နယ်ရဲ့ ဝန်ကြီးချုပ် Pushkar Singh Dhami က “အစိုးရဟာ “အဓိကရုဏ်းဖြစ်စေသူတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပြင်းထန်ဆုံးအရေးယူသွားမယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
Ref; Reuters