၉. ၂. ၂၀၂၄
Written by Pan Ei
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက အသက် ၁၉ နှစ်အရွယ် မာ့ခ် ဇူကာဘက်က ဟားဗတ်တက္ကသိုလ်က အခန်းဖော်တွေနဲ့ ချိတ်ဆက်ဖို့ စတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ အခုလမှာတော့ အနှစ် ၂၀ ပြည့်သွားခဲ့ပြီး တစ်ကမ္ဘာလုံးမှာလည်း သုံးစွဲသူတွေ ဘီလျံနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုလို့လည်း ပြောလို့ရမဲ့ Facebook ကို ဇူကာဘက်က စတင် တည်ထောင်ခါစက “TheFacebook” လို့အမည်ပေးခဲ့ပြီး အဲ့ဒီနောက် တခြားကောလိပ်တွေက ကျောင်းသားတွေပါအသုံးပြုနိုင်အောင်လို့ တည်ထောင်ခဲ့ပြီး thefacebook.com လို့ လူသိများလာခဲ့ပါတယ်။
အပြာရောင်ပုံစံအမှတ်အသားနဲ့ လူမှုကွန်ရက် Facebook ဟာ ကြီးကြီးမားမား လူသိများခဲ့ပြီး တည်ထောင်ပြီး မကြာမီ အမေရိကန်ပြည်ထောင်စုတဝှမ်းက အခြားကောလိပ်ကျောင်းတွေဆီကိုလည်း ပျံ့နှံ့သွားခဲ့ကာ စတင်ဖွင့်လှစ်ပြီး ပထမနှစ်မှာပဲ ပလပ်ဖောင်း သုံးစွဲသူက တစ်သန်းအထိ တိုးလာသလို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ “facebook.com” လို့ အမည်ပြောင်းခဲ့ကာ အခုခေတ်မှာတော့ လစဉ်အသုံးပြုသူ သုံးဘီလျံကျော်နဲ့ ကမ္ဘာအကြီးဆုံး လူမှုမီဒီယာကွန်ရက်ဖြစ်လာကာ လူကြိုက်များကျော်ကြားနေခဲ့ပါပြီ။
ဒါပေမဲ့ Facebook နဲ့ မိခင်ကုမ္ပဏီ Meta အတွက် အသက် ၂၀ ပြည့်မွေးနေ့ဟာ အဆင်မပြေတဲ့အချိန်မှာ ကျရောက်နေပါတယ်။ Facebook နဲ့ Instagram လူမှုမီဒီယာပလက်ဖောင်းတွေမှာ ပါဝင်တဲ့ အင်္ဂါရပ်တွေက ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို စွဲလမ်းစေကာ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ဆိုကာ တရားစွဲခံရတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဇူကာဘက်ဟာ အထက်လွှတ်တော် ကော်မတီရှေ့မှောက်မှာ မိမိကိုယ်ကို အဆုံးစီရင်မှုတွေနဲ့ မူးယစ်ဆေးလွန်ကဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေရဲ့ မိဘတွေကို တောင်းပန်ဖို့ ဖိအားပေးခံခဲ့ပါတယ်။
အကောင်းအဆိုးယှဉ်တွဲနေတဲ့ ကိစ္စရပ်တွေများစွာအနက် Facebook က နာမည်ကြီးပြီး လူသုံးများလာခဲ့တာလည်း အပါအဝင်ဖြစ်လာခဲ့ပြီး Facebook ကြောင့် ဆိုးကျိုးတွေရော၊ ကောင်းကျိုးတွေနဲ့ပါ ကြုံတွေခဲ့ရသူတွေ အများအပြား ကမ္ဘာတဝှမ်းမှာ ရှိနေပြီး Facebook က အောင်မြင်တဲ့ လူမှုမီဒီယာကွန်ရက်တစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် Facebook မှာ လစဉ်အသုံးပြုသူ ၃ ဒသမ ၀၇ ဘီလီယံရှိတယ်ဆိုတာကို မကြာသေးမီရက်ပိုင်းအတွင်းက တင်ပြခဲ့ပြီးနောက်နေ့မှာတော့ ရှယ်ယာစျေးနှုန်းတွေက ၂၀ ဒသမ ၃ ရာခိုင်နှုန်း တက်လာခဲ့ပါသေးတယ်။
Ref; NBC News