၉. ၂. ၂၀၂၄
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်ရှိ ရွှေတူးဖော်သည့်လုပ်ငန်းလုပ်ကိုင်ကြသော မာဆာရာကျေးရွာ၌ ဖေဖော်ဝါရီ ၆ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာတွင် အချင်းဖြစ်ပွားအပြီး နာရီ ၆၀ နီးပါး အကြာ၌ ရှာဖွေသူများကလည်း အသက်ရှင်လျက် ပြန်လည်တွေ့ရှိနိုင်ရန် မျှော်လင့်ချက်မရှိတော့ဟု လက်လျှော့ခဲ့ကြချိန်မှာပင် ကယ်ဆယ်ရေးသမားများက မိန်းကလေးငယ်တစ်ဦးကို ရွှံ့နွံအပျက်အစီးများအောက်မှ အသက်ရှင်လျက် ထပ်မံတွေ့ရှိခဲ့ရာ အံ့ဘွယ်သရဲ ကယ်ဆယ်နိုင်မှုပင် ဖြစ်ခဲ့ရကြောင်းသိရသည်။
ကယ်ဆယ်ရရှိသော ကလေးငယ်၏အသက်ကို အတိအကျမသိရသော်လည်း မိုးရေတိုက်စား၍ မြေပြိုမှုဒဏ်ကို ခံခဲ့ရသောထိုရွာကလေးမှ မြေပြိုမှုကြောင့်ပျောက်ဆုံးနေသူ ၁၀၀ ကျော်တွင် ထိုမိန်းကလေးလည်း အပါအဝင်ဟု သိရသည်။ဖေဖော်ဝါရီ ၉ ရက်နံနက်အထိ မြေပြိုမှုတွင် အလောင်းတွေ့ရှိ၍ သေဆုံးကြောင်းအတည်ပြုနိုင်သူ ၁၅ ဦး ရှိသွားပြီဖြစ်သည်။
ရိုက်ကူးပြထားသော ဗီဒီယိုတစ်ခု၌ ရွှံ့နွံများဖြင့်ပေကျံနေသော ကလေးငယ်တစ်ဦးက ကယ်ဆယ်ရေးသမားတစ်ဦး၏ လက်ထဲတွင် ငိုကြွေးနေသည်ကို တွေ့ကြရသည်။ ကယ်ဆယ်ရေးအေဂျင်စီမှ အရာရှိဖြစ်သူ မာကာပီလီက “အံ့ဩစရာပဲ။ ဒီကလေးရဲ့ခံနိုင်ရည်ရှိမှုက လူကြီးတွေထက်မနည်းလို့သာ ခုလို သူ့ကို အသက်ရှင်လျက်တွေ့နိုင်တာပေါ့။ ကလေးမှာသိသိသာသာဒဏ်ရာတွေလည်းဘာမှမရခဲ့ဘူး။ ဒီလိုတွေ့ရှိမှုက ကယ်ဆယ်ရေးသမားတွေအတွက်လည်း အင်အားတက်စရာဖြစ်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။ ထို့နောက် မိန်းကလေးငယ်အား ဆေးစစ်ဆေးမှုပြုရန် ကျန်းမာရေးဆေးခန်းတစ်ခုသို့ခေါ်သွားခဲ့ကြောင်း သိရသည်။
မြေပြိုမှုက ဖေဖော်ဝါရီ ၆ ရက် ညပိုင်းကဖြစ်ပွားခဲ့ပြီး အိမ်ခြေအများအပြားပျက်စီးခဲ့ကာ ရွှေသတ္တုတွင်းအလုပ်သမားများကိုသယ်ယူရန်စောင့်ဆိုင်းနေသည့် ဘတ်စ်ကားသုံးစီးနှင့် ဂျစ်နီ(Jeepney) တစ်စီးတို့မှာလည်း ပြိုကျ မြေကြီးများအောက် နစ်မြုပ်ခဲ့ရသည်။ ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းအထိ မြေပြိုမှုကြောင့် ၁၅ ဦးသေဆုံးကာ၊ ၃၁ ဦးဒဏ်ရာရပြီး ၁၀၀ ကျော် ပျောက်ဆုံးနေ၍ ကယ်ဆယ်ရေးသမားများက ရွှံ့နွံများနှင့် အပျက်အစီးများအောက်တွင် ရောက်ရှိနေသူများကို အနံ့ခံခွေးများအကူအညီဖြင့် ဆက်လက်ရှာဖွေနေကြောင်းသိရသည်။
မင်ဒါနာအိုကျွန်းတွင်ရက် သတ္တပတ်အတန်ကြာ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ကျွန်း၏ နေရာတော်တော်များများတွင်မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ပြည်သူထောင်ပေါင်းများစွာမှာ အရေးပေါ် ယာယီ တဲစခန်းများတွင် နေထိုင်နေကြရသည်။
Ref- CNA