၉. ၂. ၂၀၂၄
Written by Nay Moe
ထိုင်းနိုင်ငံသားခံယူထားပြီး လက်ရှိ ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ်ရာထူးအပြင် ကော်သူးလေသမ္မတအမည်ခံထားတဲ့ စောနယ်ဒါးမြကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ်က ပယ်ဖျက်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ စောနယ်ဒါးမြဟာ အခြားသူရဲ့ မှတ်ပုံတင်ကိုအသုံးပြုထားတာတွေ့ရတဲ့အတွက် မမှန်ကန်တဲ့နည်းလမ်းနဲ့ နိုင်ငံသားခံယူထားတာတွေ့ရလို့ ပယ်ဖျက်လိုက်တာလို့လည်းလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
အရင်က KNDO စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ စောနယ်ဒါးမြဟာ ကရင်တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မြရဲ့ သားဖြစ်ပြီး အပြစ်မဲ့ လမ်းလုပ်သား ၂၅ ဦးကို သတ်ဖြတ်မှုကြောင့် KNU/KNLA က ထုတ်ပယ်ခံရပြီးနောက်မှာ ကော်သူးလေတပ်မတော်တည်ထောင်ပြီး စစ်ဦးစီးချုပ်တာဝန်ယူခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကော်သူးလေအစိုးရဖွဲ့ပြီး သမ္မတလို့ အမည်ခံခဲ့ပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ အကုန်လုံးလိုလိုဟာ တခြားနိုင်ငံသားခံယူထားသူတွေဖြစ်ပြီး မြန်မာနိုင်ငံကတော့ နှစ်နိုင်ငံသားခံယူခွင့် (Dual Citizenship) မပေးတဲ့အတွက် တခြားနိုင်ငံသားခံယူတာနဲ့ မြန်မာနိုင်ငံသားအဖြစ်က အလိုအလျောက်ရပ်စဲမှာဖြစ်သလို တခြားနိုင်ငံသားဖြစ်သွားတဲ့ မြန်မာလူမျိုးတွေဟာ တရားဥပဒေနဲ့အညီ ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံတွင်းမှာနေထိုင်ရင် လဝကဥပဒေနဲ့အရေးယူခံရမှာဖြစ်ပါတယ်။
အခုလို နယ်ဒါးမြကို ထိုင်းနိုင်ငံသားအဖြစ်က ပယ်ဖျက်မှုမှာနယ်ဒါးမြတင်မက သူ့မိခင်နဲ့ဇနီးကိုပါ နိုင်ငံသားအဖြစ်ကပယ်ဖျက်တယ်လို့ သတင်းထွက်နေပြီး ဒီလိုသတင်းထွက်ပေါ်နေမှုကို ကော်သူးလေတပ်မတော်ဘက်က နုတ်ဆိတ်နေတာဖြစ်လို့ ဒီဖြစ်စဥ်မှန်မမှန် MT News က ဆက်လက်အတည်ပြုနေပါတယ်။