၉. ၂. ၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးတွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ကားတစ်စီးက တိုက်ပြေးသွားသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် အမျိုးသမီးမှာ ယာဥ်တိုက်ခံရသော အရှိန်ကြောင့် လွင့်ထွက်သွားပြီး မျက်နှာနှင့် ဦးခေါင်းတွင် ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ချမ်းမြသုခပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားတိုက်ခံရတဲ့ အမျိုးသမီးကလွင့်ထွက်သွားပြီး ပလက်ဖောင်းနဲ့ ကျတာ။ မျက်နှာတစ်ခုလုံးလည်း သွေးတွေရဲနေတာပဲ”ဟု ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသော အမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးက လူနာတင်ယာဥ်တစ်စီးဖြင့် သွားရောက်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။