၉. ၂. ၂၀၂၄
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလီရီ ဇာလူစနီ၏နေရာတွင် ယူကရိန်းမြေပြင်တပ်ဖွဲ့များတပ်မှူး အိုလက်ဆန် ဆာစကရီးကို အစားထိုးခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က အမိန့်ထုတ်ခဲ့ရာ ရုရှားနှင့်နှစ်နှစ်နီးပါး ကြာဖြစ်ပွားနေသည့်စစ်ပွဲကာလအတွင်း ယူကရိန်းစစ်ဖက်၌ အကြီးမားဆုံးသောခေါင်းဆောင်ပိုင်း ပြင်ဆင်ပြောင်းလဲမှုလည်း ဖြစ်ခဲ့ရကြောင်းသတင်းများက ဖော်ပြခဲ့ကြသည်။
သမ္မတ ဇယ်လန်စကီးက ဇာလူစနီ၏တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း နှစ်ယောက်တွဲ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးဖေဖော်ဝါရီ ၈ ရက်ကတွေ့ဆုံခဲ့ကြသည်။ ဇယ်လန်စကီးက “ယူကရိန်းစစ်တပ်မှာ ပြန်လည်ဆန်းသစ်ဖွဲ့စည်းမှုတစ်ရပ် လုပ်သွားဖို့ ခု အချိန်မှာလိုအပ်နေပါတယ်။ ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်ကြီး ဇာလူစနီကို ယူကရိန်းအစိုးရအဖွဲ့မှာ ဆက်လက်ပါဝင်ဖို့အဆိုပြုခဲ့ပါတယ်” ဟု လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။
ဇာလူစနီကို ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ ဖယ်ရှားမည်ဆိုခြင်းက လွန်ခဲ့သည့် ၁၀ ရက်ခန့်အတွင်း ယူကရိန်းနိုင်ငံတစ်ဝန်းလူပြောအများဆုံးအကြောင်းအရာတစ်ခုလည်းဖြစ်ခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဇယ်လန်စကီးက ဇာလူစနီကို ရာထူးမှနုတ်ထွက်ရန် အစည်းအဝေးတစ်ခု၌မေးခဲ့သည်ဆိုခြင်းက မီဒီယာများသို့ ပေါက်ကြားလာခဲ့ပြီးနောက် ထိုသတင်းကို လူပြောများလာကြခြင်းလည်းဖြစ်ခဲ့သည်။ ဇာလူစနီကမူ ရာထူးမှနုတ်ထွက်ရန်ငြင်းပယ်ခဲ့သည်ဟု သတင်းအချို့ကဆိုသည်။ ယူကရိန်းနိုင်ငံသားအများစုက ထောက်ခံ အားပေးကြသော ဇာလူစနီကို ရာထူးမှဖယ်ရှားရန်ကိစ္စက သမ္မတ ဇယ်လန်စကီးအတွက်လည်း စွန့်စားမှုတစ်ရပ်ဖြစ်ခဲ့ရသည်။
ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်သူ အိုလက်ဆန် ဆာစကရီး က စစ်ပွဲအစောပိုင်းတွင် အောင်မြင်သော ကီးအက်ဗ်မြို့ကာကွယ်ရေးကို ခေါင်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းကာလတွင် ကာကစ်ဗ် ဒေသအတွင်းတန်ပြန်ထိုးစစ်ကို အောင်မြင်စွာ စီမံဆောင်ရွက်နိုင်သူအဖြစ်လည်းနာမည်ရသည်။ သို့သော် ၎င်းက စစ်ဆင်ရေးကာလများအတွင်း တပ်ဖွဲ့ဝင်များအတွက်မူ စိတ်ဝင်စားမှုမရှိဟု အ မည်ဆိုးထွက်သူလည်းဖြစ်သည်။
လေ့လာသူအချို့ကမူ ဇယ်လန်စကီး၏ ထိုလုပ်ဆောင်ချက်က အနည်းဆုံးအနေဖြင့် ဇာလူစနီအား အနာဂတ်တွင် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဘဝသို့ ရောက်ရှိအောင်လှုံ့ဆော်ရာကျသည်ဟု ဝေဖန်ခဲ့ကြသည်။ ရှစ်မိနစ်ကြာ ဗီဒီယိုထုတ်လွှင့်ချက်အတွင်း ဇယ်လန်စကီးကမူ ၎င်းအနေနှင့် မည်သည့်နိုင်ငံရေး လှုံ့ဆော်မှုမျိုးကိုမှ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ရှေ့တန်းစစ်မျက်နှာတွင် အခက်အခဲအခြေအနေနှင့်ရင်ဆိုင်နေရသော ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းအသစ်လိုအပ်ကြောင်း ပြောခဲ့သည်။
ဇယ်လန်စကီး၏နိုင်ငံရေးပြိုင်ဘက်များကမူ ၎င်း၏ ကြေညာချက်များတွင် ဇာလူစနီကို အဘယ်ကြောင့် ဖယ်ရှားရသည်ကို သဲသဲကွဲကွဲ ဖော်ပြခြင်းမရှိကြောင်းနှင့် ထိုလုပ်ဆောင်မှုက ဇာလူစနီအပေါ် လူကြိုက်များထောက်ခံမှုများနေခြင်းကို ပို၍ပင် လှုံ့ဆော်ရာရောက်ကြောင်းပြောခဲ့ကြသည်။
Ref-The Guardian