၉. ၂. ၂၀၂၄
Written by Hey Mar
စိတ်ဖောက်ပြန်ပြီး ရေတွင်းထဲ ခုန်ချသူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို အသက်ရှင်လျှက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့ ဖြစ်စဥ် မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှာ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၄ နာရီအချိန်လောက်က ဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် အခြေစိုက် ဘိုဘိုဝင်း Recuse ကနေ သိရပါတယ်။
ဖြစ်စဥ်အရ ခုန်ချသူအမျိုးသမီးဟာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေး နေအိမ်ရှိရေတွင်းထဲကို ခန့်မှန်းချိန် နံနက် ၄ နာရီအချိန်လောက်ကတည်းက ပြုတ်ကျနေပြီး မနက် ၆ နာရီ ဝန်းကျင်မှာ ရေတွင်းထဲကနေ အသက်ရှင်လျက် အောင်မြင်စွာ ကူညီ ကယ်ဆယ်နိုင်ခဲ့တာပါ။
မြေပြင်ကနေ ရေတွင်းအနက် ပေ ၈၀ ကျော်ကို ပြုတ်ကျနေတဲ့ အမျိုးသမီးက ရေတွင်းအတွင်းပိုင်းမှာ ပြုလုပ်ထားတဲ့ အုတ်စွန်းအထစ်တစ်ခုကို ဖက်တွယ်ထားနိုင်ခဲ့တဲ့အတွက် အောက်အထိ ပြုတ်ကျနစ်မြုပ်တာမျိုး ဖြစ်မသွားတာလို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးကို မော်လမြိုင်မြို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရေတွင်းထဲ တွဲဆိုင်းကြိုး၊ လှေကားစတာတွေနဲ့ ဆင်းကာ ကူညီကယ်ဆယ်ခဲ့ပြီး ဘိုဘိုဝင်း လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။