MT News
၇. ၂. ၂၀၂၅
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်း(ခလရ ၇၃) အား KNLA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့်တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် မြို့ဆိုးတံတား လုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေး စခန်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ခိုက်ခံရသည်နှင့် တစ်ပြိုင်နက် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို ဟန်ချက်ညီစွာဖြင့် ပစ်ကူပေးပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် စစ်ကူစစ်ကြောင်းများက တိုက်ခိုက်ခံရသည့် တပ်ရင်းဌာနချုပ်သို့ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။
အလားတူ တိုက်ပွဲဖြစ်ပွားချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ အကြမ်းဖက်သမားများ ခိုအောင်း နေသည့်နေရာများသို့ တိကျစွာဖြင့်ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ KNLA အဖွဲ့နှင့် PDF များ ထိခိုက်ကျဆုံးမှုများစွာဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် အနောက်ဘက်နှင့် မြောက်ဘက်တို့သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် တပ်ဘက်မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အဖွဲ့နှင့် PDF များ၏ အလောင်းလက်နက်အချို့ သိမ်းဆည်းရမိခဲ့ကာ အဆိုပါ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာနေရာများသို့ တပ်မတော်မှ သောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA က ဦးဆောင်ပြီး BPLA၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖ၊ တော်၀င်ဒေါင်း၊ အာဠ၀ကစစ်ကြောင်း၊ တောကျီးကန်း၊ Spring Warriors Column အပါအဝင် PDF ပူးပေါင်းတပ်အများအပြားက လူအင်အား ရာထောင်ချီဖြင့် တိုက်ခိုက်သော်လည်းရလဒ်မှာအရှုံးသာဖြစ်ခဲ့သည်။