၇. ၂. ၂၀၂၄
Written by Nay Aung
မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့်လာအိုနိုင်ငံတို့သည် Troika Mechanism ပုံစံကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။
မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် Troika Mechanism စနစ်ကို အသုံးပြုရန် သဘောတူညီခဲ့သည်။ အဆိုပါစနစ်သည် မြန်မာ့အရေးကိုဖြေရှင်းရန်အတွက် အာဆီယံဥက္ကဋ္ဌဟောင်းနိုင်ငံ၊ အာဆီယံလက်ရှိဥက္ကဋ္ဌနိုင်ငံနှင့် လာမည့်နှစ်တွင်အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် နိုင်ငံတို့ ပူးပေါင်းပြီးချဉ်းကပ်လုပ်ဆောင်ရမည့်စနစ်ဖြစ်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌနိုင်ငံသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်ဖြေရှင်းမည့်အစီအစဉ်သည် အလွန်အရေးကြီးကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကထုတ်ဖော်ပြောဆိုသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက”ပြီးခဲ့တဲ့နှစ်က ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း Troika Mechanism ပုံစံကိုအသုံးပြုဖို့ အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေ သဘောတူညီခဲ့တယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင်ဟာဆန်နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်းပြောဆိုခဲ့သည်။
အင်ဒိုနီရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံဆွေးနွေးမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌလာအိုနိုင်ငံကိုအားပေးထောက်ခံကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့် အကြိမ်ပေါင်း ၂၆၅ ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်ရေးတိုးတက်ရန် အရှိန်မြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။