၇. ၂. ၂၀၂၄
Written by Min Mahar
နွားထိုးကြီးမြို့နယ်ရှိ မြင်းခြံ-ရေဝန်းသွား ကားလမ်းမကြီးဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားသော အမည်မသိ အမျိုးသားအလောင်း တစ်လောင်း ယမန်နေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေဝန်းသွား ကားလမ်းမဘေး၊ မိုင်တိုင်အမှတ်(၂၅/၀)၊ ရှောက်တောရိုးကွေ့တွင် အဖြူရောင် အင်္ကျီလက်ရှည်နှင့် ဖြူ/ပြာရောင် ကွက်ကြဲပုဆိုးတို့ကို ဝတ်ဆင်ထားသော အသက် ၄၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကိုဒေသခံများက တွေ့ရှိခဲ့သဖြင့် သတ်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားတွင် ဦးခေါင်းနောက်စေ့ကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်မေးစေ့ ကျည်ဖောက်ဝင်ထားသည့် ဒဏ်ရာ ၁ ချက်နှင့် ယာဘက်ဂျိုင်းအောက်ကိုပါကျည်ဖောက်ဝင်ထားသောဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာမှာ လဲကျ၍ သေဆုံးနေကြောင်း သိရသည်။