၇. ၂. ၂၀၂၄
Written by Min Mahar
ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးတို့အား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားမှု တံတားဦးမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် မနက် ၅ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် နေထိုင်ကြသည့် ဦးမွန်ကျော်(ယခင်ကျေးရွာအုပ်ချုပ်ရေးမှုး၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌ)နှင့် ဦးနိုင်ဝင်း(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)တို့နှစ်ဦးအား PDF များက စစ်ကိုင်းမြို့နယ်ဘက်မှ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာသို့ စက်လှေဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ ရောက်ရှိလာပြီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း အသတ်ခံရသူများ၏ ဆွေမျိုးများ ပြောပြချက်အရ သိရသည်။
အဆိုပါအခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အသတ်ခံရသည့် အလောင်း ၂ လောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။