၄. ၂. ၂၀၂၄
Written by Nay Aung
မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက် ပွဲများကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၁၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ရကြောင်း ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့(BGB) က ယနေ့ ပြောသည်။
“မြန်မာ BGP အဖွဲ့ဝင် ၁၄ ဦးဟာ သူတို့နိုင်ငံနဲ့ စခန်းတွေကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကိုဆုတ်ခွာလာခဲ့တယ်။ အဲဒီ BGP အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတယ်”ဟု BGB တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတစ်ဦးကလည်း မြန်မာ BGP အဖွဲ့ဝင် ၁၄ ဦးသည် နယ်စပ်ဒေသဖြစ်သော ဘင်္ဂလားဒေ့ရှ်ပိုင်နက် Ghumdhum ဒေသကိုလက်နက်များနှင့်အတူ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးကော့ဘဇားဒေသရှိ BGB အဖွဲ့ဝင်များထံ ခိုလှုံရန်ကြိုးပမ်းခဲ့ကြောင်း ပြောသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင် ပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက မြန်မာလုံခြုံရေးအဖွဲ့များနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ မြန်မာဘက်ခြမ်းမှပစ်လိုက်သောကျည်ဆံများ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ကျရောက်မှုများရှိခဲ့ကြောင်း ပြီးခဲ့သော ရက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြထားသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နယ်စပ်ဒေသတွင် လုံခြုံရေးကို တပ်လှန့်ထားပြီး နယ်စပ်ဒေသလုံခြုံရေးအခြေအနေများကိုအနီးကပ်စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့်ရှ်အစိုးရတာဝန်ရှိသူများကပြောဆိုထားသည်။