၄. ၁. ၂၀၂၄
Written by Nay Moe
KIA ရဲ့ ဦးဆောင်မှုနဲ့ NUG ရဲ့ PDF ပူးပေါင်းအဖွဲ့တွေသိမ်းယူထားတဲ့ကောလင်းမြို့ကို တပ်မတော်စစ်ကြောင်းတွေက စစ်ကြောင်းလေးခုခွဲပြီး မြို့ရဲတောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
“ဖေဖော်ဝါရီ ၃ ရက် ည ၇ နာရီ ၄၅ မိနစ် အချိန်ကစလို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း (၄) ကြောင်းခွဲပြီး ကောလင်းမြို့တောင်ဘက်နဲ့မြောက်ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲများဖြစ်ပွားနေပါတယ်”လို့ ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။
တပ်ကဒီလိုထိုးစစ်စတင်လာတာကြောင့် ကောလင်းအခြေအနေက စိုးရိမ်စရာဖြစ်နေပြီလို့ Kawlin Revolution- KR က ပြောပြီး ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီနောက်ဆုံးသတင်းတွေအရ ပြီးခဲ့တဲ့ သုံးရက်မှာ ဝန်းသိုခမရ ၁၂၀ ကို တပ်က MI 17 (ဗိုက်ဖောင်းယဥ်) ၇ ကြိမ်နဲ့ ကိုးတောင်ဘို့စစ်စခန်းအထိုင်ကို ၈ ကြိမ်ခန့်ဆင်းသက် အင်အားဖြည့်ထားလို့ ဒီနေ့မနက် ၁၀ နာရီခန့်မှာကြခတ်အိုက်ရွာအနောက်ကတစ်ဆင့် ဒေါင်းမြူးချောင်းကိုကျော်ပြီး ကောလင်းကို စစ်ကြောင်းထိုးလာတာလို့ ပြောပါတယ်။
ဒါ့အပြင် ဝန်းသိုခမရ ၁၂၀ က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း မနေ့ကတည်းက ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်ကို အင်အား ၁၅၀ ခန့်ရောက်ရှိလာပြီး ကားနှစ်စီးနဲ့ အထိုင်ယူထားသလို သာလွန်အင်အားနဲ့ စစ်ကြောင်းချီလာတာကြောင့် တိုက်ပွဲကြား ထပ်ညပ်မှာစိုးရိမ်တဲ့ပြည်သူအားလုံးစစ်ရှောင်နေလို့ မြို့ထဲမှာ KIA၊ PDF နဲ့ လက်နက်ကိုင်ပဲရှိတော့တယ်လို့ KR Team ကလည်း ဒီနေ့မနက်မှာ ဖော်ပြထားပါတယ်။
ခရိုင်အဆင့်ဖြစ်တဲ့ကောလင်းမြို့ကို KIA ဦးဆောင်မှုနဲ့ NUG လက်အောက်ခံ PDF တွေ ပကဖတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၆ ရက်ကတည်းကသိမ်းယူခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်က ကျပ် ၁၀ ဘီလျံနီးပါးနဲ့ ပုဂ္ဂလိက ၅ ဘဏ်က ကျပ် ၄၅ ဘီလျံနီးပါးကိုလည်း ဘဏ်ဖောက်လုယူခဲ့ပါသေးတယ်။
ပုံစာ။ ကောလင်းမြို့ကို KIA နှင့် NUG လက်အောက်ခံ PDF များ သိမ်းယူစဥ်က မြင်ကွင်း