၂. ၂. ၂၀၂၄
Written by Pan Ei
မလေးရှားနိုင်ငံမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ မိခင်ရဲ့ ကားနောက်ခန်းထဲမှာ အိပ်ပျော်နေရာကနေ မိခင်က မေ့ပြီးထားခဲ့ရာက သတိလစ်မေ့မြောသွားပြီးနောက် သေဆုံးသွားခဲ့မှု အင်္ဂါနေ့ (ဇန်နဝါရီ ၃၀ရက်) က ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။
ကလေးအမေဖြစ်သူက ဆေးရုံမှာ အလုပ်လုပ်သူဖြစ်ပြီး အဲ့ဒီနေ့က သူမရဲ့ သမီးဖြစ်သူကို နေ့ကလေးထိန်းကျောင်းကနေ ပြန်ခေါ်လာခဲ့ပြီး ဆေးရုံကို ကားနဲ့ပြန်လာခဲ့တာပါ။ အဲ့ဒီကားရဲ့ နောက်ခန်းမှာ သမီးဖြစ်သူက အိပ်လျက်နဲ့ လိုက်ပါလာခဲ့ပြီး မိခင်က သမီးငယ်ကို နေ့လည် ၂ နာရီလောက်ကတည်းက ကားအင်ဂျင်ကိုပိတ်ကာ ကားပေါ်မှာ မတော်တဆထားခဲ့မိပြီး ရှဟ်အလာမ် ဆေးရုံနောက်ဘက်တံခါးအနီးမှာ ကားကိုရပ်ထားခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှ ကလေးအဖေဖြစ်သူနဲ့ ဆက်သွယ်မိကာမှ မိခင်က ကလေးရှိနေတာကို ပြန်သတိရသွားခဲ့တာဖြစ်ပြီး ကလေးကို သွားခေါ်ခဲ့တာပါ။ အဲ့ဒီအချိန်မှာတော့ ကလေးငယ်က ကားပေါ်မှာ မေ့မြောနေခဲ့ပြီး ရှဟ်အလာမ်ဆေးရုံ အရေးပေါ်ဌာနကို ခေါ်ဆောင်သွားကာ သူမကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်ကို ရင်ခွဲစစ်ဆေးရာမှာတော့ ပြင်ပနဲ့ အတွင်းဒဏ်ရာ မတွေ့ရှိခဲ့ဘူးလို့ သိရပြီး ရှဟ်အလာမ် ခရိုင်ရဲမှူး ACP Mohd Iqbal Ibrahim ကလည်း အဆိုပါ ဖြစ်စဉ်ကို အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; CNA