၂ .၂ .၂၀၂၄
Written by Hey Mar
အမြန်လမ်းမှာ ဖြတ်လမ်းကို ချိုးကွေ့ဝင်ဖို့ ကြိုးစားတဲ့ ဆိုင်ကယ်၊ တည့်ကြောအတိုင်းမောင်းနှင်လာတဲ့ ကားက တိုက်မိလို့ ဆိုင်ကယ်ပေါ်က အမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဥ် ဖေဖော်ဝါရီ ၁ ရက် ည ၉ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆၆/၇-၆၇/၀)ကြားမှာ ဖြစ်ပွားခဲ့ပြီး နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Super Curstomအမျိုးအစား(ခဲရောင်)ယာဉ် ပုံမှန်ယာဥ်လမ်းကြောအတိုင်း မောင်းနှင်လာစဉ် ရှေ့ကနေမောင်းနှင်နေတဲ့ Wave-100 အမျိုးစား(နက်/ပြာရောင်)ဆိုင်ကယ်က တရားမဝင်လမ်းဖြတ်ကို ချိုးကွေ့မောင်းနှင်စဉ်မှာ ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ယာဉ်မောင်းအပါ အမျိုးသား(၄)ဦး အမျိုးသမီး(၈)ဦး ကလေးငယ်(မ-၄)ဦး စုစုပေါင်း(၁၆)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် Wave-100 အမျိုးစား(နက်/ပြာရောင်)ဆိုင်ကယ်ပေါ်ပါ၊ အမျိုးသား(၂)ဦးအနက်၊ အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကျန်အမျိုးသား(၁)ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မြို့ချောင်းတိုက်နယ်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို အမြန်လမ်းမီးသတ်တပ်ဖွဲ့ အပါအဝင် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်(၁+၅)ဦး၊ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းက စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်(၃+၁၀)ဦးတို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့