◾ AA လက်နက်ကိုင်အဖွဲ့၏ မူးယစ်ဂိုဏ်းအပါအဝင် သောင်းကျန်းသူများက နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်ပြီး မူးယစ်ဆေး ဖြန့်ချိနေ
MT News
၁. ၂. ၂၀၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တာဝန်ယူခဲ့သည့်ကာလဖြစ်သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဖမ်းမိမှုများအဖြစ် ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလျံကျော်နှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၈၆ ဦး ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃,၂၇၂ မှု၊ တန်ဖိုးငွေ ကျပ် ၇၈၁ ဒသမ ၀၂ ဘီလျံနှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၄,၃၇၃ ဦး ရှိခဲ့သလို AA သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်များ၏ မူးယစ်ဆေးဝါးသယ်ဆောင်မှုကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ်၍ ဖော်ထုတ်ဖမ်းဆီးမှုများအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလျံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ AA သောင်းကျန်းသူများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က မူးယစ်ဆေးဝါးထုတ်လုပ်မှုကိုကြည့်ပါက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာများ၊ အုပ်ချုပ်မှုအလှမ်းဝေးသည့် နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့်နေရာများ၊ လုံခြုံရေးတည်ငြိမ်မှုမရှိသည့်နေရာများနှင့် လူသူ အရောက်အပေါက်နည်းပြီး တောတောင်ထူထပ်သည့် နေရာများတွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည်ကိုတွေ့ရသည်။ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူတို့ မြန်မာနိုင်ငံ အတွင်း ကျူးကျော်ဝင်ရောက်ချိန်မှစပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီကစပြီး နောက်ပိုင်းပေါ်ပေါက်လာသည့် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုကို တိုးချဲ့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးဟူသည့် နာမည်ဆိုးနှင့် ကျော်ကြားသည့်နေရာတစ်ခု ဖြစ်ခဲ့ရသည်။
ဘိန်းကိုရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ရှမ်းပြည်နယ်သည် ဒေသတွင်း၌ မူးယစ်ဆေးဝါးများထွက်ရှိမှု၏ ဗဟိုချက်ဖြစ်ကြောင်းနှင့် အဆိုပါဒေသမှ တရားမဝင် မူးယစ်ဆေးဝါးများကို ကုန်းလမ်းကြောင်းမှ မှောင်ခိုသယ်ဆောင်ခြင်းကို စစ်ဆေးမှုများ ပိုမို တင်းကျပ်သည့်အတွက် ရေလမ်းကြောင်းမှ လှေများဖြင့် အခြားနိုင်ငံများကို မှောင်ခိုတင်သွင်းလျက်ရှိသည်ကို မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ ရုံး(UNODC)၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ UNODC နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုး/ ထုတ်လုပ်မှုကို တိုင်းတာခဲ့ရာ ၂၀၁၂ ဘိန်းစိုက်ရာသီမှစ၍ တစ်နှစ်ထက် တစ်နှစ် နှစ်စဉ် လျော့ကျလာခဲ့သည်ကို တွေ့ရှိရသော်လည်း UNODC ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး/ ထုတ်လုပ်မှု အနေဖြင့် ၄၀,၁၀၀ ဟက်တာ စိုက်ပျိုးခဲ့သည်ကို ဖော်ပြခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ၃၀,၂၀၀ ဟက်တာ စိုက်ပျိုးခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှုကို တရုတ်၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံအပြင် အခြားနိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခြင်း၊ တိုင်းတာခြင်းနှင့် ဖျက်ဆီးခြင်းများကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းလည်း တပ်ချုပ်က ပြောကြားသည်။