၁.၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံတွင် တပ်မတော်က ခေတ္တအာဏာထိန်းသိမ်းခဲ့ပြီးနောက် နစကအစိုးရက အုပ်ချုပ်လာခဲ့မှု သက်တမ်းသုံးနှစ်ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအချိန်တွင် နစကအစိုးရနှင့်ဆက်စပ်နေသူများဟု အမေရိကန်အစိုးရကစွပ်စွဲသည့် စီးပွားရေးလုပ်ငန်းနှစ်ခုအား ထပ်မံပိတ်ဆို့မှုပြုခဲ့ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်းသိရသည်။
အမေရိကန်အစိုးရ၏ ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ခဲ့သော ပိတ်ဆို့မှုက ဦးသိန်းဝင်းဇော်၊ ဇနီးနှင့် အရွယ်ရောက်သားနှစ်ဦးတို့ကပိုင်ဆိုင်သော ရွှေဗျိုင်းဖြူ ကုမ္ပဏီလုပ်ငန်းစုနှင့် မြန်မာ့တပ်မတော်၏ မြန်မာစီးပွားရေးဦးပိုင်လုပ်ငန်းစုကပိုင်ဆိုင်သော မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကြေညာချက်တွင် ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစုသည် အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်ကပင် ပိတ်ဆို့ခဲ့သော မြန်မာစီးပွားရေးဦးပိုင်လုပ်ငန်းစုနှင့် အမြတ်ငွေခွဲယူသော ဆက်စပ်မှုများရှိလျက် မြန်မာအစိုးရအတွက် ရေနံကိုတင်သွင်းပေးနေ သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကလည်း မြန်မာ့တပ်မတော်အတွက် ပြည်တွင်းသုံးလက်နက်များကို ဝယ်ယူပေးနေသည်ဟုလည်း အမေရိကန်အစိုးရက ကြေညာချက်တွင် စွပ်စွဲခဲ့သည်။
အလားတူပင် ဩစတြေးလျအစိုးရကလည်း နစကအစိုးရနှင့်တိုက်ရိုက်ဆက်စပ်နေသည်ဟုဆိုသည့် မြန်မာကုမ္ပဏီအဖွဲ့ အစည်းငါးခုကို ပိတ်ဆို့မှုများ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ပိတ်ဆို့မှုပြုခံရသူများထဲတွင် မြန်မာ့နိင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်(MICB) တို့ပါဝင်ပြီး ၎င်းတို့က နစကအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖြစ်မြောက်စေနေသည်ဟု ဩစတြေးလျအစိုးရကဆိုသည်။
ထို့ပြင် မြန်မာစစ်ဘက်သို့ လေယာဉ်ဆီများထောက်ပံ့ဝယ်ယူပေးနေသည်ဟုစွပ်စွဲကာ Asia Sun Group၊ Asia Sun Trading Ltd. နှင့် Cargo Link Petroleum Logistics Co.Ltd. တို့ကိုလည်းဩစတြေးလျအစိုးရက ငွေကြေးဆိုင်ရာပိတ်ဆို့မှုများပြုခဲ့သည်ဟု သိရသည်။
Ref – Reuters