ကတ်စနစ်နဲ့ QR စနစ် အသုံးပြုစေချင်တာကြောင့် တိုးမြှင့်ရဟု YRTC ပြော
၁. ၂. ၂၀၂၄
YBS ယာဥ်တွေရဲ့ ယာဥ်ခ နှုန်းထားကို ငွေသားနဲ့ဆိုရင် ကျပ် ၄၀၀ ပေးရတော့မှာဖြစ်ပြီး အရင်လို ခရီးစဥ် တစ်ပိုင်း ကျပ် ၂၀၀ ကောက်ခံတာမျိုး ရှိတော့မှာမဟုတ်ဘဲ ရည်ရွယ်ချက်က ကဒ်စနစ်နဲ့ QR ကုဒ်စနစ်ကို ခရီးသွားပြည်သူတွေ ပိုမို အသုံးပြုစေချင်တာကြောင့်လို့ YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မာန်က MT News ကို ပြောပါတယ်။
ကဒ်စနစ်နဲ့ QR စနစ်ကို အသုံးပြုမယ်ဆိုရင် တော့ ကျပ် ၃၀၀ သာ ယာဥ်စီးခ ကျသင့်မှာပါ ။
ငွေသားကိုင်ဆောင်ပြီး ယာဥ်စီးခပေးချေတဲ့စနစ်မှာ မသမာမှုတွေရှိတာကြောင့် စည်းစနစ်မှန်ကန်ကျနပြီး အဆင့်အတန်းရှိတဲ့ စနစ်ကောင်းတစ်ခု YBS ယာဥ်စီး ခရီးသွားပြည်သူတွေမှာရော ဝန်ထမ်းတွေမှာပါ ဖြစ်ထွန်းစေချင်တဲ့အတွက် တိုးမြှင့်ကောက်ခံတာလို့ ဆိုပါတယ်။
ယာဥ်အမှတ် ၁၁၂ ကို မောင်းနှင်တဲ့ ယာဥ်မောင်းတစ်ဦးက “ကျွန်တော်တို့ အရင်ကဆို ခရီးသည်တွေ အဆင်ပြေအောင် ယာဥ်စီးခ အကြွေမပါသူဆို နောက်ကနေတက်လာတဲ့ ခရီးသည်ဆီက အကြွေယူပြီး လဲလှယ်ပေးတာ အမ်းပေးတာ လုပ်သေးတယ်။ အခု နောက်ပိုင်း လုံးဝကို ငွေကို မကိုင်တော့တာပါ။ ခရီးသည်တွေ အကြွေမပါရင် သူ့ဘာသာ အမ်းယူတာ။ အဆုံးရှုံးခံတာ သူ့တို့ဘာသာပဲ ဖြေရှင်းခိုင်းပါတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ယာဥ်လိုင်းက YRTC ရုံးချုပ်ရှေ့က ဖြတ်သန်းမောင်းနှင်တာမို့ အဆင်မပြေတာဆို ဝင်ရောက် သတင်းပို့တာ မေးမြန်းသတင်းပို့လို့ရပါတယ်ခင်ဗျာ”လို့ MT News ကို ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေကတည်းက ယာဥ်စီးခ ပုံမှန် ကျပ် ၃၀၀ ကောက်ခံတဲ့ ယာဥ်တွေမှာ ပုံသေ ကျပ် ၄၀၀ လို့ ငွေကောက်ခံတဲ့ ပုံးတွေမှာ ပြင်ဆင်ရေးသားထားပေမယ့် ခရီးသည်က ယခင်နှုန်းထားအတိုင်း ထည့်ဝင်ပေးစီးသွားကြတာမျိုးလည်း ရှိတဲ့အတွက် တချို့ ယာဥ်လိုင်းတွေမှာ ယာဥ်မောင်းတချို့က ငွေသားထည့်ရင် ကျပ် လေးရာ ထည့်ရပါမယ်ဆိုတာကို ယာဥ်ပေါ်တက်လာသူ ခရီးသည်တွေကို သတိပေးပြောကြားနေတာမျိုးလည်း ကြားသိရပါတယ်။
YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မာန်က” ကျွန်တော်တို့က ဂိတ်စ ဂိတ်ဆုံးဆို ကျပ် ၄၀၀ ကောက်ခံပါတယ်။ ခရီးစဥ် တစ်ဝက်ဆိုရင် ခရီးသည်တွေကို စာနာသောအားဖြင့် ကျပ် ၂၀၀ ဆိုပြီး ပိုင်းဖြတ်ပေမယ့် အများစု ကြုံရတာက ဂိတ်စ ဂိတ်ဆုံးကို ကျပ်၂၀၀ သာ ပေးစီးတာမျိုးပါ။ အဲ့ဒါကြောင့် အခု ဘယ်လို စီးစီး ကျပ်၄၀၀ ပေးစီးရမှာဖြစ်ပြီး ကတ်စနစ်နဲ့ QR ကို အသုံးပြုမယ်ဆိုရင်တော့ ကျပ် ၃၀၀ မို့ ခရီးစဥ် Up and Down စီးတဲ့ ခရီးသည်က ကျပ်၂၀၀ Save လုပ်လို့ ရပါမယ်။ ပိုသက်သာပါမယ်”လို့ MT News ကို ပြောပါတယ်။