◾ တက္ကသိုလ်များတွင်လည်း ၁၁၂၉၆၈ ဦး စတင်တက်ရောက်ခဲ့သော်လည်း အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ပျက်ကွက်သူ ၂၃ ရာခိုင်နှုန်းကျော်ရှိလာနေ
MT News
၁. ၂. ၂၀၂၄
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ ၈,၁၀၈,၂၂၇ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် ၆,၇၆၇,၇၆၃ ဦးသာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန် ပျက်ကွက်သူ ၁,၃၄၀,၄၆၄ ဦး ရှိကြောင်းကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို့ ကျောင်းတက်ရောက်မှုပျက်ကွက်ခြင်းမှာ ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပြီး ပျက်ကွက်သည့်ဒေသများကိုပြန်ကြည့်ပါက ကရင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသတို့တွင် ဖြစ်နေသည်ကို တွေ့ရှိရ၍ တိုက်ပွဲများဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်း၏ ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂,၉၆၈ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသူ ၈၆,၆၈၇ ဦး ရှိသောကြောင့် ပျက်ကွက်သူ ၂၆,၂၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကာ လွိုင်ကော်တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းတက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန် ပျက်ကွက်မှု ရာခိုင်နှုန်းအများဆုံးဖြစ်သည်ကို တွေ့ရသည်။
ထိုသို့ အကြမ်းဖက်တိုက်ခိုက်နေမှုများကြောင့် အချို့ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ကျောင်းတက်နေခြင်းများလည်းရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ်လူသားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ပညာသင်ကြားရေးကို တိုက်ရိုက်ထိခိုက်စေကြောင်းနှင့် ယင်းလုပ်ရပ်သည် နိုင်ငံတော်၏အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံတကာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆန့်ကျင်ရမည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။