၁. ၂.၂၀၂၄
Written by Zaw Moe
ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲမှ ကျပ်သိန်းနှစ်ထောင်အား လက်နက်ကိုင်များက ယမန်နေ့တွင် ဓားပြတိုက်ယူဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောဦးမြို့နယ်၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဘဏ်ဝန်ထမ်းများမှ ဘဏ်လုပ်ငန်းများဆောင်ရွက်နေစဉ် အကြမ်းဖက်သမား ၇ ဦးက သေနတ်ကိုယ်စီကိုင်ဆောင်လျက် ပါဂျဲရိုးကား ၁ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်မှငွေသား ကျပ်သိန်းနှစ်ထောင်အား ဓားပြတိုက်ယူဆောင်ကာ ပုဂံ-ချောက်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြိုနယ် KBZ ဘဏ်(၂) ကို လုံခြုံရေးယူပေးနေသူများကို ဗုံးနှင့်ပစ်တိုက်ခိုက်ခဲ့ပြီး ကမ္ဘောဇဘဏ်အားလုံးကို သတိပေးခြင်းဖြစ်ကြောင်း Flying Dragon Force PDF အဖွဲ့မှ ပြောဆိုထားသည်။
ကမ္ဘောဇဘဏ်သည် K Pay များ ပိတ်နေခြင်း၊ အကောင့်ပိုင်ရှင်များကို ဖမ်းဆီးခြင်းအထိလုပ်နေသဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုကို Flying Dragon Force၊ သိင်္ခအားမာန်၊ Shwebo Crocodile၊ ရွှေဘိုအားမာန်မြို့ပြောက်ကျားတပ်ဖွဲ့၊ ကျားညီနောင် NDRF၊ တံတားညီနောင်၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒီပဲယင်း) တပ်နယ်၊ ၂ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း Flying Dragon Force PDF အဖွဲ့က ပြောသည်။