◾ပြီးခဲ့သည့် သုံးနှစ်အတွင်း PDF များက ပြည်သူပေါင်း ၆၈၈၀ ကို သတ်ဖြတ်
MT News
၁. ၂. ၂၀၂၄
PDF များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၃ ပါးပျံလွန်ခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၄၃၈ ဦးသေဆုံးကာ နိုင်ငံဝန်ထမ်းမှာလည်း ၇၉ ဦးအထိ သေဆုံးခဲ့၍ စုစုပေါင်းသေဆုံးသူ ၅၂၀ ဦးအထိရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ အကြမ်းဖက် ဖျက်ဆီးမှုများအနေဖြင့် လျှပ်စစ်/ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ ၆ လုံး၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၁၃ လုံးအပါအဝင် လူနေအိမ်များ၊ အခြား အဆောက်အဦများ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
PDF များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၇၇ ပါးနှင့် သီလရှင် ၂ ပါးပျံလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၆၇၇ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး စုစုပေါင်း ၆,၈၈၀ ဦး သေဆုံးခဲ့သည်။
အလားတူ ထိုကာလအတွင်း အကြမ်းဖက်ဖျက်ဆီးမှုများအနေဖြင့် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက်အဦများ များစွာ ဖျက်ဆီးခဲ့သည်။
ထို့အပြင် ပညာရေးနှင့်ပတ်သက်၍ ပညာရေး ဝန်ထမ်းများအပေါ် ၄၁၃ ကြိမ် ရိုင်းစိုင်းစွာ ခြိမ်းခြောက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင်လည်း KNPP အဖွဲ့နှင့် PDF များက လွိုင်ကော် တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကို အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။