MT News
၁. ၂. ၂၀၂၄
စစ်ဘုရင်ဝါဒကို အသက်သွင်းနေသည့် MNDAA နှင့် ပတ်သက်၍ သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယမန်နေ့ကပြုလုပ်သည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လ တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချိန် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ EAO အဖွဲ့အချို့နှင့် PDF များသည် ယခု ၆ လတာ ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝ ပျက်ပြား စေရန်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး MNDAA သောင်းကျန်းသူအဖွဲ့သည် ကိုးကန့်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ“ဝ”ဒေသမှတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး ချင်းရွှေဟော်မြို့ကို Drone များ အသုံးပြုကာ အပြင်းအထန် စတင်တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရန် အတွက်လည်း ၂၀၂၂ ခုနှစ်ကတည်းကစပြီး ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် အဖွဲ့များနှင့် အကြိမ်ကြိမ် ဆွေးနွေးကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိရကြောင်း၊ မဟာမိတ်ပြုသူများကလည်း လိုအပ်သည့် လက်နက်ခဲယမ်းများ ရရှိရေး၊ အီလက်ထရွန်နစ် နည်းပညာသာလွန်မှုနှင့် ငွေကြေးသုံးစွဲနိုင်မှုကို အခွင့်အရေးရအောင် ဖန်တီးပေးကြသည်ကို တွေ့ရကြောင်း၊ MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့၏ ကြေညာချက်များတွင် အကြောင်းပြချက် များစွာဖော်ပြသော်လည်း အဓိက ရည်မှန်းချက်ကို သုံးသပ်ကြည့်ရပါက ကိုးကန့်ဒေသအတွင်း အထူးဒေသ(၁) အနေဖြင့် ဩဇာအာဏာ ပြန်လည်တည်ဆောက်လိုခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်းလည်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့သိမ်းပိုက်ထားသော မြို့များတွင်ရှိသည့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများကို လုယက်ယူဆောင်ခြင်းများ၊ ဖျက်ဆီးခြင်းများ အပြင် ဒေသခံတိုင်းရင်းသားများအပေါ် မိသားစုအလိုက် မဝင်မနေရစနစ်ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း တပ်ချုပ်က ပြောကြားသည်။
MNDAA အဖွဲ့အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီ ကျင့်သုံးနေသည့် မြန်မာနိုင်ငံတွင် အာဏာကိုဥပဒေနှင့်အညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို တန်းတူပေးအပ် ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးကိုလည်း တူညီသည့် အခွင့်အရေးများ ပေးအပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ သံလွင်အရှေ့ခြမ်းတွင်ရှိသည့် ကိုးကန့်နယ်မြေကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်မဝင်ခင်တွင် အထူးဒေသအဖြစ် ရှိခဲ့ကြောင်း၊ ဦးဖုန်ကြားရှင်ဦးစီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် အဆိုပါဒေသတွင် တပ်မတော်နှင့် လက်တွဲပြီး ၂၀၀၉ ခုနှစ်အထိ ရှိခဲ့ကြောင်း၊ တပ်မတော် တပ်စခန်းဌာနချုပ်များ အဆိုပါကာလကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အတူပူးတွဲ အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၀၉ ခုနှစ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများမလုပ်ရန် အကြိမ်ကြိမ်သတိပေးတားမြစ်သော်လည်း လိုက်နာမှုမရှိသဖြင့် စစ်ရေးအရ အရေးယူတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၁ ခုနှစ်မှ စပြီး ရွေးချယ်ခံပုဂ္ဂိုလ်များနှင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး၊ ချင်းရွှေဟော်မြို့တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို နှစ်နိုင်ငံအစိုးရများ သဘောတူချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ယခုတိုက်ပွဲ မတိုင်မီကာလအထိ ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များအနက် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရန် တပ်မတော်မှ သဘောတူညီသည်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံချိန်များတွင်လည်း ဆွေးနွေးပြောကြားပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပါကြောင်း၊ အဆိုပါအချက်များကို လျစ်လျူရှုမည် ဆိုပါက နောက်ခံအကြောင်းတစ်မျိုးမျိုးကြောင့် စစ်ဘုရင်ဝါဒကို အသက်သွင်းခြင်းသာ ဖြစ်မည်ဟု ယူဆရကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ချင်းရွှေဟော်မြို့ကိုတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံမြို့ကိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့နှင့် မဟာမိတ်ပြုထားသည့် TNLA သောင်းကျန်းသူအဖွဲ့က လားရှိုး-မူဆယ် လမ်းကြောင်းပေါ်တွင်ရှိသော သိန္နီမြို့ကို တိုက်ခိုက်ခဲ့သကဲ့သို့ ကွတ်ခိုင်မြို့ကိုလည်း နှောင့်ယှက်တိုက်ခိုက်များ လုပ်ခဲ့ကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် မူဆယ် ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခဲ့သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်လည်း မူဆယ်မြို့ပေါ်ရှိ ပြည်သူ့စစ်စခန်းများနှင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ ဒေသများကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ပလောင်ဒေသ ရရှိရေးဖြစ်ကြောင်း၊ ပလောင်ဒေသအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ သို့သော် ထိုထက်ပိုမိုသည့် အာဏာလိုချင်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသခံများ၏ပိုင်ဆိုင်မှုများကို ဖျက်ဆီးမှု၊ လုယက်မှု၊ တပ်သားသစ်စုဆောင်းမှုများ အလွန်အကျွံပြုလုပ်မှုကြောင့် ဒေသခံများ အတိဒုက္ခရောက်ကြသကဲ့သို့ ပလောင်ဒေသ၏ အဓိက ထွက်ကုန်ဖြစ်သည့် လက်ဖက်ထုတ်လုပ်မှုလည်း များစွာ ကျဆင်းသွားခဲ့ကြောင်း၊ အခြေခံပညာကျောင်း အားလုံးပိတ်ထားရကြောင်း၊ နဂိုကတည်းက စီးပွားရေး၊ ပညာရေးအားနည်းသည့် ပလောင်ဒေသသည် ပိုမိုပြီး အခက်အခဲများစွာကြုံတွေ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို လက်ခံသည်ဆိုပါက နိုင်ငံရေးလမ်းကြောင်းများမှ ညှိနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေးများစွာရှိကြောင်း၊ အဆိုပါအချက်ကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့များ အဓိက အသုံးပြုခဲ့သည့် လက်နက်မှာ အိမ်နီးချင်းနိုင်ငံက ဝယ်ယူရရှိသည့် Drone များကို သုံးပြီး Drop Bomb များနှင့် တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အချို့သော Drone များသည် စစ်သုံးအဆင့် ပြုပြင်သုံးနိုင်ပြီး ဗုံးအကြီးစားများ ချိတ်ဆက် အသုံးပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် နိုင်ငံတော်၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ပြီး တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မှု မရရှိစေရန်အတွက် အဓိကပြည်ထောင်စု လမ်းမကြီးများကို ဖြတ်တောက် ပိတ်ဆို့ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ နယ်စပ် ကုန်သွယ်ရေးဆိုသည်မှာ နှစ်နိုင်ငံ အစိုးရများ၏ သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မူဆယ်ဒေသနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သည်ကို တင်ပြလိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်အနေဖြင့် ယခုဖြစ်ပွားသည့်တိုက်ခိုက်မှုများသည် နယ်စပ်ဒေသနှင့် လွန်စွာနီးကပ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှ အထင်အမြင်လွဲမှားမှုမဖြစ်စေရန်အတွက် မိမိတို့၏စစ်ဆင်ရေးများကို ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement for Self-Defence)နှင့် အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်းရေးဆိုင်ရာတည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement for Counter-Terrorism and Counter-Insurgency Operations to restore normalcy) နှင့်အညီ ဆောင်ရွက်စေပြီး နယ်စပ်ဒေသ ကျည်ကျော်ကျရောက်မှု မရှိစေရေးနှင့် ယာဉ်ယန္တရားများ ကျော်လွန်မှုမရှိစေရေး အကန့်အသတ်ဖြင့် ဒေသခံပြည်သူများ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ သောင်းကျန်းသူ အဖွဲ့များအနေဖြင့် တစ်ဖက်နိုင်ငံက အထင်အမြင်လွဲမှားစေရန် လက်နက်ကြီးများဖြင့် တရုတ်နိုင်ငံထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်တာဝန်ရှိသူများက ဖြေရှင်းခဲ့ရကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် တစ်ဖက်က နည်းပညာအသာစီးရယူကာ သာလွန်အင်အားဖြင့် တိုက်ခိုက်လာပြီး တပ်မိသားစုဝင်များကို အဓိက အန္တရာယ်ပြုလာခြင်းကြောင့် တပ်မတော်အနေဖြင့် အချို့နေရာများကို စွန့်ခွာပေး ခဲ့ရခြင်းရှိကြောင်းလည်း တပ်ချုပ်ကပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ယခုကဲ့သို့ ရှုပ်ထွေးမှုများဖြစ်လာခဲ့ခြင်းသည် ကျားဖြန့်ဟုခေါ်သည့် Online လိမ်လည်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ကြောင်း၊ အဆိုပါကိုးကန့်ဒေသတွင် ယခင်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် လောင်းကစားဝိုင်း လုပ်ဆောင်မှုများရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် သွားလာမှု ကန့်သတ်ချက်များဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှသာ လောင်းကစားမှုများ လုပ်ဆောင်ခဲ့ရာမှ လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြု ဝန်ထမ်းများကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံခြားသားများပါ လောက်ကိုင်ဒေသထဲသို့ တရားမဝင် ဝင်ရောက်လာသည်ကိုလည်း တွေ့ရှိရကြောင်း၊ လက်ရှိအချိန်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့် မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ် ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းအများစုရှိနေကြပြီး ကျားဖြန့်ဟုခေါ်သည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ပြုလုပ်နေကြသည့်အတွက် မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံပူးပေါင်းပြီး နှိမ်နင်း ရှင်းလင်းမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အဆိုပါလုပ်ငန်း လုပ်နေသူအများစုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အကာအကွယ်ပေးထားသည့် နိုင်ငံခြားသားများသာဖြစ်ကြောင်း၊ လက်နက် အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားသည်။
ထို့အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများ လွှဲပြောင်းပေးမှုအနေဖြင့် တရုတ်နိုင်ငံသား ၄၈,၂၁၀ ဦးနှင့် အခြားနိုင်ငံခြားသား ၁,၈၁၀ ဦး၊ စုစုပေါင်း ၅၀,၀၂၀ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာတွင် ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်းလားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသား ကျား ၁,၀၀၂ ဦး၊ မ ၃၆ ဦး၊ စုစုပေါင်း ၁,၀၃၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းကြောင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။