၃၁. ၁. ၂၀၂၄
Written by Ye Kyaw
ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ ဒေါ်လာဈေး ပြန်မြင့်တက်လာခြင်းနှင့် ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၉ သိန်းနီးပါးအထိ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။
“ကမ္ဘာ့ရွှေဈေးလည်း တက်တယ်။ ပြီးတော့ ပြည်တွင်းကလည်း ဒေါ်လာလဲလှယ်နှုန်းက နည်းနည်းမာနေတယ်ပေါ့။ မကျဘူး။ ရွှေတွင်းတွေကနေ အဝင်အထွက်က နယ်တွေကလည်း သွားရေး၊ လာရေး အခက်အခဲရှိတဲ့အခါ သိပ်ပြီး မဝင်တော့ဘူး။ ရန်ကုန်ဈေးကွက်မှာတော့ လက်ဝတ်ရတနာကတော့ သူဟာနဲ့သူတော့ ရောင်းနေရပါတယ်။ အရင်လိုတော့ အရောင်းအဝယ် မပါးတော့ဘူး” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။
ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ၂၀၂၃ နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီမှစ၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက် ကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃၄၅၀ နှင့် ကျပ် ၃၅၀၀ ကြားတွင် တစ်လခန့် တည်ငြိမ်ခဲ့ရာမှ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၅၆၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ အောက်သာရှိခဲ့သည့် ကမ္ဘာ့ရွှေဈေးသည်လည်း ဇန်နဝါရီ ၂၉ ရက်(ယမန်နေ့) နံနက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ ကျော်သို့ စတင်ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ဒေါ်လာ ၂၀၃၂ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့သည်။ ယနေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၀၃၃ ဒသမ ၇၄ ဖြစ်ပေါ်လျက်ရှိသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ဇန်နဝါရီ ၂၂ ရက်မှစတင်၍ အခေါက်ရွှေဈေးနှုန်း ကျပ် ၃၈ သိန်းသို့ ရောက်ရှိခဲ့ပြီးနောက် ဆက်တိုက်မြင့်တက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် (ယမန်နေ့) ညနေပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၈၉၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်မူ ဈေးနှုန်း ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း သိရသည်။
ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၂၇ ရက် ရွှေဈေးနှုန်း ၃,၈၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၈၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၃,၈၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၃,၈၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၈၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။