၃၁. ၁. ၂၀၂၄
Written by Nyein Kyaw
အောင်ဘာလေသိန်းဆုထီများကို လူပုဂ္ဂိုလ်က သစ်သားစည်များထဲမှ ဆုမဲများကို မဲနှိုက်သည့် စနစ်အစား နိုင်ငံတကာအဆင့်မီ ဒီဂျစ်တယ်စက်များဖြင့် ဆုမဲများရွေးချယ်ခြင်းကို မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၅၉) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီဖွင့်ပွဲများ၌ ဆုမဲများရွေးချယ်ရာတွင် သစ်သားစည်များအတွင်းမှ အက္ခရာနှင့် ဂဏန်းဂေါ်လီများကို လူပုဂ္ဂိုလ်များမှ နှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့် နည်းလမ်းကိုသာ ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ နည်းလမ်းအစား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲနှင့် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်း သိန်းဆုထီဖွင့်ပွဲမှ စတင်၍ နိုင်ငံတကာ အဆင့်မီ Air Blow Digital Machine စက်ဖြင့် ဆုမဲများ ရွေးချယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် (၅၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၉) လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းကို ခွဲဝေရောင်းချရာတွင် ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်း (ကျပ် ၅ ဒသမ ၅ ဘီလျံကျော်) ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၃၈၆၅ ဒသမ ၉၃၂ သန်း (ကျပ် ၃ ဒသမ ၈ ဘီလျံကျော်)ဖြစ်သည်။ အဆိုပါ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုပါ ထီဆုများအဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
(၅၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီတွင်လည်းကောင်း၊ (၅၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုဆီ ဖွင့်ပွဲကို နံနက် ၁၀ နာရီတွင်လည်းကောင်း ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။