၃၁. ၁. ၂၀၂၄
Written by KL
ရန်ကုန် တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းရှိ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၃၁ ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က ကြည်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက် နဝဒေးလမ်းရှိ နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
အဆိုပါမီးလောင်မှုမှာ မိနစ် ၅၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး မင်းမဟော်လမ်းရှိ အလျား ၁၀ ပေ၊အနံ ၁၀ ပေရှိ နေအိမ် ၇ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ နေအိမ် ၅ လုံး၊ နဝဒေးလမ်းရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ နေအိမ် ၁ လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ နေအိမ် ၆ လုံး စုစုပေါင်း ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ ရပ်ကွက်ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။