၃၁. ၁. ၂၀၂၄
Written by Tha Doe
နိုင်ငံ့အာဏာကို တပ်မတော်ရယူထိန်းသိမ်းတဲ့ကာလ သုံးနှစ်ပြည့်မြောက်မှုနဲ့ပတ်သက်ပြီး NUG နဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီမနက် ၈ နာရီမှာ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်လာပါတယ်။
ဒီထုတ်ပြန်ချက်မှာ မျှော်မှန်းချက်တစ်ရပ်၊ ဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးချက်နဲ့ လုပ်ငန်းစဥ်အဆင့်ဆင့် ခြောက်ချက် ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီဘုံသဘောတူညီချက်မှာ ထူးခြားမှုအဖြစ် ဦးတည်ချက်ခြောက်ချက်ကို ဖော်ပြထားတာ တွေ့ရပြီး တပ်ကနိုင်ငံရေးက ထွက်ဖို့၊ လက်နက်ကိုင်တပ်အားလုံး အရပ်သားအစိုးရအောက်ထားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့နဲ့လက်ခံသူတွေတိုက်ခိုက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေရေးဆွဲပြဌာန်းဖို့၊ ဖက်ဒရယ်ခြေဥအသစ်နဲ့ပြည်ထောင်စုအသစ်တည်ဆောက်ဖို့၊ ပဋိပက္ခကာလအတွင်း မတရားခံရသူတွေ တရားမျှတမှုရရှိဖို့နဲ့ အသွင်ကူးပြောင်းကာလ တရားမျှတဖို့ဆိုတာကို ရေးဆွဲထားပြီး ဒီခြောက်ချက်ကို တပ်မတော်က လက်ခံရင် လုပ်ငန်းစဥ်အဆင့်ဆင့်မှာ “(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည် ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီလိုမျိုး လက်ခံပြီးပြီဆိုရင် နိုင်ငံရေးအစုအဖွဲ့တွေအားလုံးပေါင်းပြီး ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲ့စည်းပြီး အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းမယ်။ ဒီလိုရေးဆွဲပြဌာန်းပြီးမှ NUG ဦးဆောင်သူတွေပဲ အာဏာဆက်လက်ထိန်းချုပ်မဲ့ အချက်အဖြစ် “(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။” ဆိုတာကို ဖော်ပြထားတာ တွေ့ရပါတယ်။