၂၀. ၁. ၂၀၂၄
Translated by Htwe Ko Tun
လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေများအဆုံးသတ်ရေးအတွက် ဇန်နဝါရီလ ၂၉ ရက်တွင် တွန်းအားပေးခဲ့ပြီး ၎င်းတို့အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးစီမံချက်နှင့် အကျပ်အတည်းအခြေအနေကို မြန်မာနိုင်ငံက ခေါင်းဆောင်သည့် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြေရှင်းမှုဖြင့် အဖြေရှာသွားရန်အတွက် တညီတညွတ်တည်းထောက်ခံကြောင်း ပြောခဲ့ကြသည်။
အာဆီယံ၏ကြေညာချက်၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေအပေါ် အကူအညီပေးရန် လာအိုနိုင်ငံမှစေလွှတ်ခဲ့သော အထူးကိုယ်စားလှယ်သစ်၏ အကျပ်အတည်းအခြေအနေတွင် ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရန်အားထုတ်မှုများကို ထောက်ခံကြောင်းနှင့် ၎င်း၏မြန်မာပြည်သူများကို ကူညီရန်ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ကြောင်း ဖော်ပြခဲ့ကြသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က ခေတ္တအာဏာထိန်းသိမ်းမှုပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာသောအဓိကရုဏ်းများကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းအခြေအနေအတွင်းကျရောက်ခဲ့ရသည်။ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်ဖြစ်သော Alounkeo Kittikhoun က ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံအကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
သို့သော် တွေ့ဆုံမှုအသေးစိတ်ရလဒ်ကို အာဆီယံအဖွဲ့မှလည်းကောင်း၊ လာအိုအစိုးရမှလည်းကောင်း ကြေညာခြင်းမရှိခဲ့သလို အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့် အထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းရှိမရှိကိုလည်း သေချာစွာမသိရှိရပေ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် မြန်မာနိုင်ငံအနေနှင့် အာဆီယံအသင်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် အာဆီယံနိုင်ငံများဘက်က မြန်မာနိုင်ငံ၌ အကျပ်အတည်းအခြေအနေလွန်မြောက်ကာ ငြိမ်းချမ်းမှုရရှိရေး အဖြေရှာနိုင်ရန် ကူညီသွားမည်ဟု ကတိပြုကြောင်း ထပ်မံပြောကြားခဲ့ကြသည်။
ထို့ပြင် အာဆီယံအဖွဲ့အတွင်းညီညွတ်မှုအတွက် ထပ်လောင်းအတည်ပြုကာ ငြိမ်းချမ်းရေးစီမံချက်နှင့် ကိုက်ညီဆီလျော်၍ အာဆီယံဥက္ကဋ္ဌ၏ ညှိနှိုင်းဆွေးနွေးမှုဖြင့်ပြုလုပ်သော မည်သည့်အားထုတ်မှုမျိုးကိုမဆို ထောက်ခံသွားမည်ဟုလည်း ကြေညာချက်ကဖော်ပြခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းး အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် လူသားချင်းစာနာသည့် အထောက်အပံ့များပေးရန်လည်း ဖော်ပြသွားကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ အကျပ်အတည်းအခြေအနေအတွက် ကူညီအဖြေရှာရန်ဆောင်ရွက်ရာ၌ မည်သို့ဖြေရှင်းမည်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများရှိနေသည်။
လာအိုနိုင်ငံက ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါ်မာလာသန်းထိုက် တက်ရောက်နေပြီး ထိုသို့တက်ရောက်မှုမှာလည်း နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးဖြစ်ခဲ့သည်။
Ref- CNA