၃၀. ၁. ၂၀၂၄
Written by Hey Mar
မောင်းနှင်နေရင်း ရုတ်တရက် ထိုးရပ်ကာ ကားအင်ဂျင်ခန်းကနေ မီးလောင်ကျွမ်းမှုဖြစ်စဥ် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ ဒီနေ့မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဘူတာရုံလမ်းမီးပွိုင့်ထောင့် ရှိ ပွိုင့်ထိပ်မှာ CNG တက္ကစီယာဥ်တစ်စီး ရုတ်တရက် စက်ထိုးရပ်သွားပြီး ပြန်နှိုးစဥ်မှာ အင်ဂျင်ခန်းကနေ မီးခိုးတွေထွက်လာတာကြောင့် ၊ အနီးအနားမှာ ရုံးစိုက်တဲ့ မာဃရိပ်ငြိမ်အဖွဲ့သားတွေက တွေ့ရှိကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။
“မီးခိုးတွေ ထွက်လာတော့ ဘောနပ်အဖုံးကို ကြိုးစားဖွင့်တဲ့အခါ မီးတောက်က အတော်ကြီးကြီး ဖြစ်နေလို့ ရေတွေ သဲတွေနဲ့ ဝိုင်းပက်ရတယ်၊ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ ကို အကြောင်းကြားခေါ်ယူတာတွေ လုပ်တော့ မိနစ်ပိုင်းအတွင်း ရောက်လာပါတယ်။ အင်ဂျင်ကနေ ကားရှေ့ခန်းကို မီးက အောက်ကနေ ကူးတာမို့ ကားအတွင်းပိုင်းက နောက်ခြမ်းပဲ အကောင်းကျန်ပါတယ်။ ရှေ့တစ်ခြမ်းလုံး အတော်ပျက်စီး လောင်ကျွမ်းသွားတယ်”လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိ မြေပြင်အကူအညီပေးခဲ့တဲ့ မာဃရိပ်ငြိမ် ပရဟိတအသင်းက MT News ကို ပြောပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ လူထိခိုက်မှု မရှိခဲ့ဘဲ CNG ယာဥ်ဖြစ်တဲ့အတွက် ပေါက်ကွဲမှု မဖြစ်ရအောင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ သတိထားဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ မီးလုံးဝငြိမ်းတဲ့အထိ ၁၅ မိနစ်ခန့်ကြာ လူအားသုံးပြီး ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း