MT News
၃၀. ၁. ၂၀၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိ မြန်မာနိုင်ငံသား ၅ ဦးမှာ ကျော်အေးထွန်း(ခ) ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ် တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးသည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။