၃၀. ၁. ၂၀၂၄
Written by Nay Moe
မြင်းခြံမြို့နယ်တွင် PDF များ သတ်ဖြတ်ထားသည့် အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉ ရက်ညတွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာအဝင် ဆိုင်းဘုတ်အနီး မြင်းခြံ-မြို့သာကားလမ်းဘေး၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၁၁ နာရီတွင် မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာအနီး၌ အမျိုးသား ငါးဦးအား PDF များက သတ်ဖြတ်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ တောင်သာမြို့၊ ဘုရားကြီးအနောက် ရပ်ကွက်နေသူများဖြစ်သည့် ကိုခိုင်ဝေဖြိုး (၂၅)နှစ်၊ ကိုမျိုးမင်းခိုင်(ခ) ခန့်ချော (၂၂)နှစ်၊ ကိုတင်မျိုးခိုင် (၂၀)နှစ်၊ ကိုမြတ်သူ(ခ)မြတ်သူအောင် (၂၀)နှစ်နှင့် မြို့မရပ်ကွက်နေ ကိုရဲသီဟအောင် (ခ)မွှားတား (၂၂)နှစ်တို့ ငါးဦးမှာ PDF များသတ်ဖြတ်ခဲ့မှုကြောင့် ကျည်ထိမှန် ဒဏ်ရာများဖြင့် အသီးသီးသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးနေသူများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။