၂၈. ၁. ၂၀၂၄
Written by Nyein Kyaw
(၇၆) မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တပညာသီရိလင်္ကာရဆရာတော်ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကျင်းပပြီးစီးပြီးနောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်များ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာသည့် အောင်စာရင်းတွင် ဘဒ္ဒန္တပညာသီရိလင်္ကာရဆရာတော်သည် ယခု (၇၆) ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္မာနောက်ပိုင်းဖြစ်သော ယမကနှင့်ပဋ္ဌာနာဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခက်ရာခက်ဆစ်သဘော အဓိပ္ပာယ်များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ်ထီးဖြူတော် (၃) လက် အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဌာန၏ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းစံပြကျေးရွာတွင် ဖွားမြင်တော်မူခဲ့ပြီး ၁၃၄၆-ခုနှစ်တွင် မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂဝံသ (အဂ္ဂမဟာပဏ္ဍိတ)ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။
ဆရာတော်သည် သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ စသည့် ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူခဲ့ရာ ၁၃၇၃-ခုနှစ်တွင် ကျင်းပသော (၆၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့၍ အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ပြီးဖြစ်သည်။
ယခု ကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ပဏ္ဌိ၊ နဿယများလာ ခက်ခဲနက်နဲသော သဘောဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် အောင်မြင်တော်မူခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ပထမဦးဆုံး တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးမှာ မင်းကွန်းဆရာတော်ကြီးဖြစ်ပြီး တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သံဃာတော်စုစုပေါင်း(၁၅)ပါးသာရှိခဲ့ရာမှ ယခုနှစ်တွင် (၁၆)ပါး မြောက် ပေါ်ထွန်းအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း SAC ဥက္ကဋ္ဌက ထပ်လောင်းလျှောက်ထားခဲ့သည်။