၂၆ .၁. ၂၀၂၄
Written by Hey Mar
အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး ကိုးလွှာအမြင့် ကွန်ဒိုတိုက်ခန်းပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၃ နာရီဝန်းကျင်က ရန်ကုန်မြို့၊လှိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၇) ရပ်ကွက် ဓမ္မသုခကျောင်းလမ်းရှိ ကိုးလွှာတိုက်ခန်းပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားမှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မာဃရိပ်ငြိမ် လူမှုကူညီရေးအသက်းမှ တာဝန်ရှိသူ ဦးဖြိုးဝေယံက “လူနာရှင်မိသားစုက ပြောတာတော့ လူနာက စိတ်ကစဉ့်ကလျား ဝေဒနာခံစားနေရသူလို့ ပြောတယ်။ အရမ်းဝတဲ့အတွက် လူနာကို သက်သောင့်သက်သာ မ, ရွှေ့ဖို့လည်း ခက်ခဲခဲ့ပါတယ်။ ဒါပေမဟ့် ကျွန်တော်တို့ ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးနေစဥ်မှာပဲ လူနာက ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးပါတယ်” လို့ MT News ကို ပြောပါတယ်။
တိုက်ပေါ်ကနေ ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်း၊ ကျောပြင်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘယ်ဖနောင့်ကွဲထွက်ဒဏ်ရာ၊ ဘယ်ဘက် ခြေထောက်ကျိုးကာ အရိုးငေါထွက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ မာဃရိပ်ငြိမ်လူမှုကူညီရေးအသင်းယာဥ်နဲ့ ရန်ကုန်ပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo-မာဃရိပ်ငြိမ်လူမှုကူညီရေးအသင်း