၂၆. ၁. ၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဂျပန်တံတားပေါ်မှာ ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်စဥ် ဒီနေ့ဇန်နဝါရီ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာ ဂျပန်တံတားအတက် မင်္ဂလာတောင်ညွန့် မြို့နယ်အခြမ်းမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက” ကားက ရှေ့ဘီးပေါက်ပြီး မှောက်တာ။ လည်ထွက်ပြီးမှ မှောက်ပြီး ပလက်ဖောင်းပေါ်တင်နေတာပါ။ လူနာက အမျိုးသားတစ်ဦး အမျိုးသမီးနှစ်ဦး ပါတယ်။ ပေါက်ပြဲသွေးထွက်တော့မရှိပါဘူး။ နာကျင်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာပါ”လို့ MT Newsကို ပြောပါတယ်။
အဆိုပါဖြစ်စဥ်က လူနာသုံးဦးကို AYT Rescue ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၅ ရက် ည ၁၁ နာရီကျော် အချိန်ကလည်း ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူနာ၂ ဦးကို အဖြူရောင်ကမ်းလက်အသင်းလူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။