◾️ တစ်လအတွင်း ဒေါ်လာ ၅၃ သန်းနီးပါး၊ ဘတ်သန်း ၂၅၀ နှင့် ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေများ ဗဟိုဘဏ် ထုတ်ရောင်း
၂၆. ၁. ၂၀၂၄
Written by Ye Kyaw
သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာ ၉ သန်း ထပ်မံထုတ်ရောင်းချပေးခဲ့ပြီး လေးကြိမ်ရောင်းချပေးမှုအတွင်း ဒေါ်လာ ၅၃ သန်းနီးပါးအထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒုတိယအကြိမ် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် တတိယအကြိမ် ဒေါ်လာ ၁၅ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၂၅ ရက် (ယမန်နေ့)တွင် ဒေါ်လာ ၉ သန်းထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လအတွင်း လေးကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၅၂ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀ ထုတ်ရောင်းပေးခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်(ယမန်နေ့)တွင် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လတွင်း နှစ်ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ထိုင်းဘတ်သန်း ၂၅၀ ထုတ်ရောင်းခဲ့သည်။
အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင်းမှာလည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်း ထုတ်ရောင်းခဲ့သည်။
သွင်းကုန်ပစ္စည်းအသစ် ဝယ်ယူနိုင်မှုနည်းလာခြင်းနှင့် ပြည်ပရောက် အလုပ်သမားများ နှစ်သစ်ကူး ရုံးပိတ်ရက် ပြန်လာချိန် ဒေါ်လာများပါလာသည့်အတွက် ၂၀၂၃ နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီမှစ၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက် ကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃၄၅၀ နှင့် ကျပ် ၃၅၀၀ ကြားတွင် တစ်လခန့် တည်ငြိမ်ခဲ့သည်။ သို့သော် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၅၃၀ ဖြစ်ပေါ်လျက်ရှိသည်။