၂၆. ၁. ၂၀၂၄
Written by Thettant
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Ford ယာဥ်ကို ရဟန်း ၃ ပါးအပါအဝင် ၁၇ ဦးစီးရာက ကားတိမ်းမှောက်လို့ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဒီမနက်မှာဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီခန့်မှာ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နဲ့ (၃၅/၆) ကြားမှာ ဖြစ်ပွားခဲ့တာပါ။
“Ford ကားနောက်မှာ လူအများကြီးတင်စီးတော့ အရှိန်ပါလာချိန်မှာ မထိန်းနိုင်ဘဲ မှောက်သွားတဲ့သဘောပါ။ ဖြစ်စဥ်အသေးစိတ်ကတော့ စိစစ်နေဆဲပါ” လို့ ယာဥ်တိမ်းမှောက်မှုကို ကူညီခဲ့သူတစ်ဦးက ကနဦးသိရှိရမှုကို ပြောပါတယ်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဆရာတော် ၃ ပါး၊ အမျိုးသား ၅ ဦးနဲ ကလေးငယ် (ကျား) ၁ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၇ ဦးအနက် ၇ ဦးက မစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့တာကြောင့် 192 သူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့သလို အဲဒီ ဖြစ်စဉ်ကို ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။