၂၄. ၁. ၂၀၂၄
Written by Nay Aung
မလေးရှား လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများသည် နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများကို ဖမ်းဆီးနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိနေရာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းက Seremban 2 အရပ်ဒေသကို စီးနင်းချိန်အတွင်း ဆိုင်ခန်းတစ်ခန်းအပေါ်မှ မြန်မာအမျိုးသမီးတစ်ဦး ခုန်ချထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ဖမ်းမိခဲ့ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံ Negeri Sembilan ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သော ကန်နစ် တန်က အဆိုပါ စီးနင်းချိန်အတွင်း ထွက်ပြေးရန်ကြိုးပမ်းသူသည် ဆိုင်တွင် အရက်လာသောက်နေသူဖြစ်ပြီး အဆောက်အဦနှစ်လွှာမှ ခုန်ချထွက်ပြေးရန်ကြိုးပမ်းခဲ့ကာ ခေါင်းတွင် ဒဏ်ရာများရရှိခဲ့ကြောင်း ပြောသည်။
ဈေးဆိုင်ခန်းအဆောက်အဦအပေါ်မှ ခုန်ချထွက်ပြေးရန်ကြိုးပမ်းခဲ့သူသည် ဇန်နဝါရီ ၂၃ ရက်နေ့က စီးနင်းဖမ်းဆီးခံရသော နိုင်ငံခြားသားများတွင် ပါဝင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၃ ရက် ညပိုင်းက မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူများနှင့် သတ်မှတ်ကာလထက်ကျော်လွန်နေထိုင်နေသူများကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ရှာဖွေစီးနင်းချိန်အတွင်း ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနိးရှား၊ မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသား ၆၂၅ ဦးကို စစ်ဆေးခဲ့ပြီး အထောက်အထားမရှိသူ ၁၁၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ကစ်နစ်တန်ကပြောသည်။
Ref Newswave