၂၂. ၁. ၂၀၂၄
Written by Pan Ei
ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဟာ မကြာသေးမီရက်ပိုင်းအတွင်း မြို့တော်မနီလာရဲ့ မြောက်ဘက် ပြည်နယ်တစ်ခုက အားကစားရုံတစ်ခုမှာ ကျင်းပခဲ့တဲ့ နာမည်ကြီး ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Coldplay ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ဖို့ သမ္မတ ရဟတ်ယာဉ်ကို အသုံးပြုခဲ့တာဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံအားကစားရုံဖြစ်တဲ့ ဖိလစ်ပိုင် Arena အားကစားရုံမှာ ဖျော်ဖြေပွဲလာရောက်သူ ၄၀,၀၀၀ ကို မကြုံစဖူး မြင်တွေ့ခဲ့ရပြီး လမ်းကြောင်းတစ်လျှောက် မထင်မှတ်ထားတဲ့ ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သမ္မတလုံခြုံရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူပေါင်း ၁၃ သန်းကျော် ပြည့်နှက်နေတဲ့ မြို့ကြီး မနီလာတဝိုက်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွားရှိခဲ့တာဖြစ်ကာ သမ္မတနဲ့ သမ္မတကတော်တို့က ဟယ်လီကော်ပတာနဲ့ သွားရောက်ခဲ့တာဟာ ကြိုတင်မမြင်နိုင်တဲ့ ယာဉ်ကြောရှုပ်ထွေးမှုတွေနဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ အဲ့ဒါဟာ အစိုးရက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အလွဲသုံးစားလုပ်တာလို့ လူအများအပြားက သမုတ်ခဲ့ကြပြီး ဖျော်ဖြေပွဲကျင်းပရာနေရာအနီးမှာရှိတဲ့ ကွင်းပြင်တစ်ခုပေါ် ဆင်းသက်ခဲ့တဲ့ ရဟတ်ယာဉ်ပေါ်က သမ္မတနဲ့ သမ္မတကတော်တို့ ဆင်းသက်လာပုံတွေနဲ့ ပွဲထဲက စုံတွဲပုံ၊ ဗီဒီယိုတွေက လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ကာ အင်တာနက် သုံးစွဲသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဆင်ခြေဖုံးရပ်ကွက်မှာ တည်ရှိတဲ့ ဖိလစ်ပိုင်အားကစားရုံဟာ အများအားဖြင့် သမ္မတအိမ်တော်ကနေဆို ကားနဲ့ မိနစ် ၄၀ ဝန်းကျင်သာကြာလေ့ရှိပြီး မြို့တော်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်းမရှိပေမဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့လာမယ်ဆိုရင်တော့ တစ်နာရီကနေ နှစ်နာရီအထိ ကြာနိုင်မှာပါ။
ဖျော်ဖြေပွဲကျင်းပမယ့် နေရာဟာ မြို့တော်မနီလာရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာမှာ တည်ရှိပေမဲ့ ဖျော်ဖြေပွဲသွားရောက်သူတွေက ပွဲမစတင်မီ အနည်းဆုံး သုံးနာရီအလိုကတည်းက နေအိမ်ကနေ ထွက်ခွာရလေ့ရှိပြီး အထူးသဖြင့် အရမ်းနာမည်ကြီးတဲ့ အနုပညာရှင်တစ်ဦး ဖျော်ဖြေပွဲဆိုရင် ပိုပြီး သတိထား ထွက်ကြရပါတယ်။ ည ၇ နာရီလောက်မှ စတင်မယ့် ဖျော်ဖြေပွဲအတွက် နေ့လယ်ပိုင်းထဲက ထွက်ခွာကြဖို့ စီစဉ်ထားကြရပေမဲ့ ဖျော်ဖြေပွဲကိုရောက်ဖို့ များစွာအားထုတ်စရာမလိုတဲ့ လူတစ်ယောက်ကတော့ သမ္မတ မားကို့စ်ဖြစ်တယ်လို့လည်း အင်တာနက်အသုံးပြုသူတွေက မြန်မြန်ဆန်ဆန် ထောက်ပြခဲ့ကြတာပါ။
သမ္မတရဲ့ ခုလိုလုပ်ရပ်ဟာ ကိုယ်ရေးကိုယ်တာနဲ့ တရားဝင်မဟုတ်တဲ့လုပ်ငန်းတွေအတွက် အာဏာအလွဲသုံးစားပြုခြင်း ဒါမှမဟုတ် အစိုးရအရင်းအမြစ်တွေကို အလွဲသုံးစားလုပ်ခြင်းဖြစ်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ကြောင်း မှတ်ချက်ပေးခဲ့ကြသူတွေလည်းရှိသလို “ဆိုးရွားလှတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ သယ်ယူပို့ဆောင်ရေးအကျပ်အတည်းကြားက ဖျော်ဖြေပွဲကို ကြည့်ဖို့ ရဟတ်ယာဉ်နဲ့ လာတဲ့ သမ္မတတစ်ဦးဟာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို စာနာမှာမဟုတ်ပါဘူး။ ဒါက ဒီနေ့ ဖိလစ်ပိုင်ရဲ့ သယ်ယူပို့ဆောင်ရေး အခြေအနေပါ” လို့ အစိုးရဝေဖန်ရေးနဲ့ တက်ကြွလှုပ်ရှားသူ Renato Reyes က ပြောကြားခဲ့ပါတယ်။
Ref; The Straits Times