၂၂. ၁. ၂၀၂၄
Written by Pan Ei
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတဝှမ်းမှာ ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ သေဆုံးသူ ၉၂ ဦးအထိရှိခဲ့ကြောင်း စီဘီအက်စ် သတင်းဌာနရဲ့ စာရင်းအရ သိရပါတယ်။
တန်နက်စီ ကျန်းမာရေးဌာနက ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ သေဆုံးသူ ၂၅ ဦးကို အတည်ပြုခဲ့ပြီး ရေခဲမုန်တိုင်းတွေကြောင့် အရေးပေါ် အခြေအနေတစ်ခုအောက်မှာ ရှိနေသေးတဲ့ အော်ရီဂွန်မှာလည်း အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သလို အဲဒီအထဲ သစ်ပင်လဲကျမှုကြောင့် အရွယ်ရောက်ပြီးသူ သုံးဦး သေဆုံးခဲ့ကာ ယာဉ်ပေါ်ရှိကလေးငယ်တစ်ဦး အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း စီဘီအက်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ကြီးတွေဖြစ်တဲ့ အီလီနွိုက်စ်၊ ပန်ဆူလ်ဗေးနီးယား၊ မစ္စစ္စပီ၊ ဝါရှင်တန်၊ ကန်တပ်ကီ၊ ဝစ်ကွန်ဆင်၊ နယူးယောက်ခ်၊ နယူးဂျာစီ တို့မှာလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ တချို့သေဆုံးမှုတွေကတော့ ရာသီဥတုနဲ့ ဆက်နွှယ်ကြောင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
တချို့သောပြည်နယ်တွေမှာ အေးခဲနေချိန် လမ်းတွေပေါ် အထူးသတိထားဖို့ ယာဉ်မောင်းတွေကို သတိပေးထားသလို မစ္စစ္စပီပြည်နယ်မှာလည်း လမ်းပေါ်က ရေခဲတုံးတွေကို သတိထားပြီး မောင်းနှင်ဖို့နဲ့ လိုအပ်မှသာ ကားမောင်းဖို့ သတိပေးထားပြီး တနင်္ဂနွေနေ့က ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ နောက်ထပ်သေဆုံးမှု ၃ ဦးကို ထုတ်ပြန်ခဲ့ရာ မစ္စစ္စပီမှာ ဇန်နဝါရီ ၁၄ ရက်ကစပြီး သေဆုံးသူ စုစုပေါင်း ၁၁ ဦးအထိ တိုးလာခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်က အမေရိကန်နိုင်ငံတဝှမ်းမှာ အန္တရာယ်ရှိတဲ့ ရာသီဥတုအခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အနောက်ဘက်ကမ်းရိုးတန်းရှိ အော်ရီဂွန်မှာ ရေခဲမုန်တိုင်းတိုက်ခတ်မှုကြောင့် သုံးစွဲသူ ၄၅,၀၀၀ ကျော်လောက် လျှပ်စစ်မီးပြတ်တောက်သွားပြီးနောက် အရေးပေါ်အခြေအနေအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ပန်ဆူလ်ဗေးနီးယား၊ ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကိုနဲ့ အင်ဒီယားနားတို့မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ရာသီဥတုကြောင့် လူသေဆုံးမှု များပြားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ နှင်းတွေထူထပ်ကာ အေးခဲနေမယ့် အခြေအနေတွေက အခု သီတင်းပတ်အစပိုင်းအထိ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းထားတယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Ref; CBS News