၂၂. ၁. ၂၀၂၄
Translated by Htwe Ko Tun
အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရသော သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကွန်သီယန် ခရိုင်အတွင်းရှိ တည်းခိုခန်းတစ်ခု၏ ရေခဲသေတ္တာတစ်ခုအတွင်းမှ ဇန်နဝါရီ ၂၁ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
စမဲဒန် ရဲတပ်ဖွဲ့စခန်းအား ဘန်ကောက်မြို့၏တောင်ဘက်အစွန်ပိုင်းရှိ ဘန်ကွန်သီယန်ခရိုင်ရှိ တည်းခိုခန်းတစ်ခုအတွင်းမှ ရေခဲသေတ္တာအတွင်း၌ ခုတ်ပိုင်းထားသော အလောင်းအစိတ်အပိုင်းများတွေ့ရှိမှုကို အကြောင်းကြားခဲ့၍ ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးလုပ်သားများက သွားရောက်စစ်ဆေးရာ အဆောက်အအုံ၏စတုတ္ထထပ်၌ အဖြူရောင်ရေခဲသေတ္တာတစ်ခုအတွင်းတွေ့ရသော ခန္ဓာကိုယ်အစိတ်အပိုင်းများက လူတစ်ယောက်၏ ခြေထောက်များဖြစ်ကြောင်း တွေ့ခဲ့ကြသည်။ စတုတ္ထထပ်ရှိ ထိုအခန်းနှင့် ရေချိုးခန်းအတွင်း သွေးစွန်းကွက်မျာကိုတွေ့ကြရပြီး ကုတင်တစ်ခုအောက်တွင် လက်ကိုင်စက်လွှတစ်ခုကိုပါ တွေ့ခဲ့ကြရသည်။
စုံထောက်များက ပတ်ဝန်းကျင်နယ်မြေအတွင်း စီစီတီဗီ ရုပ်သံရိုက်ကူးချက်များကို စစ်ဆေးလျက်ရှိပြီး အနီးအနား သံသယရှိနိုင်ဖွယ်များကို ဖော်ထုတ်လျက်ရှိသည်။
ထိုဖြစ်ရပ်တွင် မြန်မာအမျိုးသားတစ်ဦးက ၎င်းနှင့် အခြားမြန်မာလေးဦးမှာ ဇန်နဝါရီလ၏ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ထိုအဆောက်အအုံသို့ လာရောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားသစ်များကို အလုပ်ရှာပေးသူ အိန္ဒိယနိုင်ငံသား အလုပ်ပွဲစားတစ်ဦးက ၎င်းတို့အား ထိုအဆောက်အအုံတွင် အလုပ်စောင့်ဆိုင်းနေစဉ် ခေတ္တနေရာချပေးခဲ့ကာလုပ်ငန်းခွင်ရုံးတစ်ခုအနေနှင့် အသုံးပြုနေသည်ဟု သိရကြောင်း ပြောခဲ့သည်။
ထိုမြန်မာအမျိုးသားကပင် ၎င်းတို့အနက်လေးဦးမှာ အလုပ်လုပ်ရမည့်နေရာများသိရ၍ သွားခဲ့ကြပြီး Yao ဟုသာ အမည်ဖော်ပြသေးသူတစ်ဦးက အဆောက်အအုံတွင်ကျန်နေခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင်မူ ၎င်းနှင့် သူငယ်ချင်းများမှာ အဆက်အသွယ်ပြတ်သွားခဲ့ကြောင်းဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ မြန်မာအမျိုးသားက ဇန်နဝါရီ ၂၁ ရက်တွင်မူ ၎င်းက အဆောက်အအုံသို့ ပြန်လာခဲ့ကြောင်း၊ ၎င်းက ပိုင်ရှင်ထံဖုန်းဆက်ခဲ့ရာ ပိုင်ရှင်ဖြစ်သူက အဆောက်အအုံအတွင်း ချိုးဖျက်၍ဝင်ရန်ပြောခဲ့သည်ဟု ဆိုသည်။၎င်းအဆောက်အအုံအတွင်းရောက်ရှိစဉ် စက်ဆုပ်ထိတ်လန့်ဖွယ် အသတ်ခံထားရသော မြင်ကွင်းကိုတွေ့ရကာ ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ခြင်းဟု သိရသည်။
ဘန်ကောက်မြို့ရဲတပ်ဖွဲ့၏ ဒုတိယမဟာမင်းကြီး ရဲမှူးချုပ် နိုပါဆစ်လ် ပွန်ဆာဝပ်က အိန္ဒိယအမျိုးသား အလုပ်ပွဲစားဖြစ်သူက မြန်မာနိုင်ငံသားငါးဦးအလုပ်စောင့်ဆိုင်းနေကြစဉ် ခေတ္တနေထိုင်ရန် ထိုအဆောက်အအုံ၌ ဇန်နဝါရီ ၁၃ ရက် ကငှားရမ်းခဲ့ခြင်းဟု ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင်ပြောခဲ့သည်။ သေဆုံးသူ၏သူငယ်ချင်း အခြားမြန်မာ အမျိုးသားလေးယောက်စလုံးမှာလည်း ၎င်းတို့ပစ္စည်းများယူရန် အဆောက်အအုံသို့လာရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမှူးချုပ် နိုပါဆစ်လ်က အမှုတွင်သဲလွန်စအချို့ရရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသားက အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့သို့ ဇန်နဝါရီ ၂၀ ရက်၊ ည ၈ နာရီ မိနစ် ၅၀ က ပြန်လည်ထွက်ခွာသွားသည်ဟုသိရကြောင်း ပြောခဲ့သည်။
Ref—–Bangkok Post, Khaosod