၂၁. ၁. ၂၀၂၄
Written by Nay Aung
မလေးရှားနိုင်ငံ၊ ဘန်တွန်ပြည်နယ်ရဲတပ်ဖွဲ့သည် မြန်မာ နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လူသတ် မှုကျူးလွန်သူအဖြစ် သံသယရှိသော အခြားမြန်မာနိုင်ငံသား နှစ်ဦးကို ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးလိုက်ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။
ဘန်တွန်ပြည်နယ် Jalan Air Terjun Chamang အရပ်ဒေသရှိ ဒူရင်းသီးခြံထဲတွင် မြန်မာနိုင်ငံသားတစ်ဦးကို ဒဏ်များစွာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာ ဒူရင်းသီးခြံထဲတွင် အလုပ်လုပ်နေသည့် အခြားမြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်တွန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဖြစ်သူ ရဲမှူးကြီးမိုဟာမက် ခါဟာက ပြောသည်။
ရဲမှူးကြီး မိုဟာမက်ခါဟာက ဒူရင်းသီးခြံထဲတွင် အလုပ်လုပ်နေသည့် အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၏ရုပ်အလောင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၅ နာရီတွင်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါလူသတ်မှုနှင့်ဆက်နွှယ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒူရင်းသီးခြံထဲတွင် အလုပ်လုပ်နေသော အခြားမြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။
၎င်းက ” မြန်မာနိုင်ငံသားသေဆုံးမှုနဲ့ပတ်သက်ပြီး ဒူးရင်းသီးခြံထဲမှာအလုပ်လုပ်နေတဲ့ အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးနဲ့ အသက် ၃၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်။ လူသတ်မှုကျူးလွန်သူအဖြစ်သံသယရှိခံရသူနှစ်ဦးကို ထွက်ပြေးဖို့ ကြိုးပမ်းနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။ လူသတ်ရာမှာအသုံးပြုခဲ့တဲ့ ဓားတွေကိုလည်း သိမ်းဆည်းခဲ့တယ်။ လက်ရှိအချိန်မှာ လူသတ်မှုကျူးလွန်သူအဖြစ်သံသယရှိသူနှစ်ဦးကို ပုဒ်မ ၃၀၂ နဲ့ စွဲချက်တင်သွားမယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် လူသတ်မှုကျူးလွန်ခဲ့သူအဖြစ် အဓိကသံသယရှိသူနှစ်ဦးကို အမှုနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေကြောင်း ဘန်တွန်ရဲတပ်ဖွဲ့က ပြောသည်။
Ref malaymail