၂၁.၁.၂၀၂၄
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မကြာမီအတောအတွင်း မြောက်ကိုရီးယား(ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတ) နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်လာရောက်ရန် ဆန္ဒရှိနေသည်ဟု သိရကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၂၁ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟူး ရုရှားနိုင်ငံသို့ ဇန်နဝါရီလလယ်ကသွားရောက်ခဲ့စဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သမ္မတပူတင်အား မြောက်ကိုရီးယားသို့ အလည်လာရောက်ရန်ဖိတ်ကြားစာကိုပေးအပ်ခဲ့ရာ ထိုဖိတ်ကြားမှုအတွက် ပူတင်ကလည်းကျေးဇူးတင်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
ထို့ပြင် သတင်း၌ ရုရှားက ယူကရိန်းစစ်ပွဲတွင် ရုရှားအားထောက်ပံ့မှုပေးကာ ရုရှားနိုင်ငံနှင့်သွေးစည်းညီညွတ်မှုရှိခဲ့ခြင်းအတွက် မြောက်ကိုရီးယားအား ကျေးဇူးတင်ကာ၊ နှစ်နိုင်ငံစလုံးကပင် ဒေသတိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်သဘောတူထားချိန်၌ အမေရိကန်အစိုးရ နှင့်မဟာမိတ်များ၏ မြောက်ကိုရီးယားနိုင်ငံအချုပ် အခြာအာဏာအခွင့်အရေးများကို ထိခိုက်ဆန့်ကျင်လျက် ရန်လိုသောလုပ်ဆောင်မှုများအပေါ်စိုးရိမ်မိကြောင်း လည်း ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရက မြောက်ကိုရီးယားအား ရုရှားနိုင်ငံသို့ ယူကရိန်းစစ်ပွဲအတွက် လက်နက်အကူအညီများမပေးရန် ပြောကြားလျက်ရှိသော်လည်း ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုက ကုလသမဂ္ဂပဋိညာဉ်နှင့် အခြားနိုင်ငံတကာ ဥပဒေများနှင့်ပါ ကိုက်ညီကြောင်း သတင်းက ဖော်ပြခဲ့သေးသည်။
Ref- Bangkok Post