MT News
၁၆. ၁. ၂၀၂၄
ဘုရားစေတီကို ပေါင်တူနဲ့ထုပြီး ဖြိုဖျက် ဖျက်ဆီးတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ရဲ့ လုပ်ရပ်ကို ကန့်ကွဆက်ရှုတ်ချတယ်လို့ ကိုးကန့်တိုင်းရင်းသားတွေက ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာ ကြေညာချက်ထုတ် ရှုတ်ချဖော်ပြထားပါတယ်။
မန္တလေးမြို့က ဗုဒ္ဓဘာသာကိုးကန့်ဓမ္မာရုံ လူမှုရေးရာစီမံခန့်ခွဲရေးကော်မတီရဲ့ MNDAA ရဲ့ ဘုရားစေတီဖြိုဖျက်တဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချမှုမှာ”ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသရှိ အများပြည်သူ ကြည်ညိုကိုးကွယ်နေသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားစေတီအား MNDAA အဖွဲ့က သံတူဖြင့်ထု၍ ဖျက်ဆီးနေသည့် ဓာတ်ပုံနှင့်ဗွီဒီယိုဖိုင်များ စိတ်မချမ်းမြေ့ဖွယ်ရာတွေ့ရှိရသဖြင့် ဘုရားစေတီပုထိုးနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးသည့် လုပ်ရပ်များသည် အမျိုးဘာသာ သာသနာ ညှိုးနွမ်းထိခိုက်စေရန် ဆောင်ရွက်ခြင်းဖြစ်၍ မန္တလေး၊ မိုးကုတ်၊ ပြင်ဦးလွင်မြို့များတွင် အခြေချ နေထိုင်လျက်ရှိသော ဗုဒ္ဓဘာသာ ကိုးကန့်တိုင်းရင်းသားမိသားစုအားလုံးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာအပ်ပါသည်” လို ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
MNDAA ဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို သိမ်းပြီးချိန်မှာ လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင် ပွိုင့် ၂၂၀၂ မှာ တည်ထားကိုးကွယ်တဲ့ စေတီကို ပေါင်တူနဲ့ထု ဖြိုဖျက်ခဲ့တာဖြစ်ပြီး ဒီလိုမျိုး စေတီဖျက်ဆီးမှုအပြီးမှာ ဗုဒ္ဓ ဆင်းတုတော်၊ ရုပ်ပွားတော်တွေကို MNDAA တပ်ဖွဲ့ဝင်လို့ ထင်မြင်ယူဆရတဲ့ ကိုးကန့်တရုတ်ဆိုသူတွေက ဖျက်ဆီးနေပုံလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ နိုင်ငံတစ်ဝန်းမှာ MNDAA ရဲ့ ဘာသာ၊ သာသနာစော်ကားမှုကို ပြင်းထန်စွာရှုတ်ချဆန္ဒပြမှုလည်း ရင်ဆိုင်နေရပါတယ်။