၁၃. ၁. ၂၀၂၄
Written By Thandar
လက်ရှိမှာ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်နဲ့အာရုံကြောရောဂါ ခံစားနေရပြီး ကျန်းမာရေးချို့တဲ့နေတဲ့ သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်ကို ဂျွန်လွင်နဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတို့က ငွေကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တွေရဲ့ အနုပညာနဲ့ပတ်သက်ရင် စီနီယာအစ်ကိုကြီးပေါ့။ သူ့ကျန်းမာရေးမကောင်းဘူး ကြားတော့ ရင်ထဲမကောင်းဘူး။ သူ့ရဲ့ ကျန်းမာရေးမကောင်းဖြစ်နေတာတော့ တော်တော်ကြာပါပြီ။ ဆေးရုံတက်လိုက်ပြန်ဆင်းလိုက်နဲ့ဆိုတော့လေ။ အဲဒါကြောင့် ညီမလေးထက်ထက်(ခ)ထက်ထက်မိုးဦးနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တာတွေ လုပ်ဆောင်နိုင်ဖို့ လှူဖြစ်ကြတာပါ။ သူ့အတွက် လိုအပ်တဲ့တစ်ထောင့်တစ်နေရာတော့ ဖြည့်နိုင်မယ်လို့ထင်ပါတယ်”လို့ ဂျွန်လွင်က ပြောပါတယ်။
မြင်စိုင်းသားအောင်အောင်ဟာ အသက် ၇၄ နှစ်အရွယ်ရှိပြီမို့ အာရုံကြောရောဂါကြောင့် ကျန်းမာရေးအရမ်းကောင်းနေတဲ့အထဲမှာ ပါဝင်နေတာမဟုတ်ပေမယ့် သမီးဖြစ်သူ ဟေမာန်အောင်အောင်က ပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။
“အဖေ့ကျန်းမာရေးအတွက် ဆရာဂျွန်လွင် ၁၀ သိန်း၊ မထက်ထက်မိုးဦး ၁၀ သိန်း လှူပေးတယ်။ ကျေးဇူးတင်ကန်တော့ပါတယ် ဆရာနဲ့မထက်ရယ်။ ပြောမှား ဆိုမှား ပြုမူမှားများရှိခဲ့ရင် တောင်းပန်ပါတယ်နော်။ အဖေ့ကို ချစ်ပေးလှူပေးကြတဲ့ ခုနှစ်ရက်သားသမီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်” လို့သရုပ်ဆောင် ဟေမာန်အောင်အောင်က ပရိသတ်သိအောင်ရင်ဖွင့်လာပါတယ်။
မကြာခင်ရက်ပိုင်းကလည်း မြင်စိုင်းသားအောင်အောင်အတွက် အကယ်ဒမီ စိုးပြည့်သဇင်ကလည်း ငွေကျပ် ၅ သိန်းကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။