၁၁. ၁. ၂၀၂၄
Written by Nay Moe
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှ စစ်သင်တန်းဆင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကို Ywangan PDF-(JPRF) က နေအိမ်အထိ သွားရောက်ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။
ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာမှ ဦးကျော်မဲအား ပျူစောထီးခေါင်းဆောင်ဖြစ်၍ Ywangan PDF-(JPRF)နှင့်တပ်ခွဲ (၃) မှော်ဘုရင်စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟုလည်း Ywangan PDF-(JPRF) က အကြောင်းပြချက်ပေးသည်။
ဦးကျော်မဲသည် ရပ်စောက်မြို့ ဗထူးတပ်အမှတ်(၅၀၉) ခြေမြန်တပ်ရင်းမှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မ (၅၅) တံဆိပ်ပါ စစ်ဝတ်စုံဝတ်ဆင်၍ ရွာငံမြို့နှင့်ပင်းတယမြို့နယ်တွင် စစ်သင်တန်းများ လိုက်ပေးနေသူဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်က စစ်ကြောင်းမှ နေအိမ်သို့ပြန်နားချိန်တွင် PDF များက ဝင်ရောက်ဖမ်းဆီးကာ သတ်ဖြတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးကျော်မဲကို နေအိမ်ထဲအထိ ဝင်ဖမ်းပြီး ခေါင်းကို သေနတ်နဲ့ပစ်သတ်သွားတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဦးကျော်မဲထံမှ စစ်ယူနီဖောင်း၊ AK ကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးတို့ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း Ywangan PDF-(JPRF) ကသတင်းထုတ်ပြန်ထားသည်။