၁၁.၁.၂၀၂၄
Written By Thandar
လာမယ့် ဖေဖော်ဝါရီ ၃ ရက်မှာ နေပြည်တော်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗက်ရှင်း ဗဟိုဌာန ၁ (MICC- 1) မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားကို နောက်ဆုံးအဆင့်အထိ ကြည့်ရှုစစ်ဆေးပြီးပြီလို့ သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းက ၃၅ ကားရှိခဲ့ပါတယ်။ ဒီဇာတ်ကားတွေထဲကမှ အကယ်ဒမီအတွက် ပြန်လည်ကြည့်ရှုတဲ့ ဇာတ်ကားပေါင်း ၁၂ ကားရှိပြီး ဇာတ်ကားစာရင်းတွေကို အချိန်နီးကပ်မှ ကြေညာမယ်လို့ သိရပါတယ်။
“အကယ်ဒမီနဲ့ ပတ်သက်ပြီး ရုပ်ရှင်အကယ်ဒမီ စာရင်းဝင် ၁၂ ကားကို ကြည့်ရှုလို့တော့ ပြီးနေပါပြီ။ နောက်ဆုံးပြန်လည်စစ်ဆေးတဲ့အနေနဲ့ ဇာတ်ကား ၅ ကားလောက်ရှိမယ်။ အဲဒီကားတွေလည်း ပြန်လည် ကြည်ရှုလို့ ပြီးပြီဖြစ်ပါတယ်။ Nomination စာရင်းဝင်တွေကိုတော့ အချိန်နီးကပ်ရင် ထုတ်ပြန်ကြေညာပေးမှာပါ။ တကယ်လို့ ကြေညာလိုက်ရင် ဘယ်သူတွေ အကယ်ဒမီရနိုင်တယ်ဆိုတာ တန်းပြီး မှန်းဆလို့တော့ရပါတယ်။ ဒီနှစ်မှာလည်း ကြည့်ရှုရတဲ့ ဇာတ်ကားတွေက ကောင်းတာတွေရှိတာမို့ အပြိုင်အဆိုင်ဖြစ်ပြီး ရွေးချယ်ရတာ ခက်တာတွေ ရှိတယ် ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကယ်ဒမီ အကဲဖြတ် ဒါရိုက်တာအကယ်ဒမီဇော်မြင့်ဦးက MT News ကို ပြောပါတယ်။
ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေထဲကမှ The Teacher ဆရာမ ၊ စောင်နီလေးတစ်ထည် ၊ ရည်ရွယ်မိုး ၊ ဘယ်တော့မှအရှုံးမပေးဘူး ၊ ငါမုန်းတဲ့အက္ခရာ ၊ တောင်းဆုတစ်ခုပြည့်စေသား ၊ စတုတ္ထမြောက်သွေးကြောမျှင် ၊ စာရွက်တံခါး ၊ ကိုယ်ပွား၊ အဓိပ္ပါယ်ရှိသောကြယ် ၊ အချိန်လွန်မိုး ၊ တစ်ခါကရန်ကုန်မြိုပြ ၊ ကံကောင်း ၊ စာရိတ္တ ဇာတ်ကားတွေကတော့ ဒုတိယအဆင့် ကြည်ရှု့စစ်ဆေးမှုမှာ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ထားတာလည်း ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက် စာရင်းဝင် ရုပ်ရှင်တွေထဲက ဘယ်အနုပညာရှင်တွေ ၊ အတတ်ပညာ ရှင်တွေက၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီဆုရှင်တွေ ဖြစ်လာကြမလဲဆိုတာကို ခန့်မှန်းချက်ကိုက်ညီမလားဆိုတာ ပရိသတ်တွေနဲ့အတူ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။