၉. ၁. ၂၀၂၄
Written by Nay Moe
ကျေးရွာဘောလုံးပွဲမှပြန်လာသည့် ရာအိမ်မှူးနှစ်ဦးကို PDF နှစ်ဦးက လိုက်လံပစ်ခတ်သဖြင့် နှစ်ဦးစလုံး ကျည်ထိမှန်သေဆုံးမှု ကျုံပျော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မဂူရိုးကျေးရွာနေ ရာအိမ်မှူး ဦးသန်းမင်းအောင် (၄၆)နှစ်နှင့် တလိုင်းကုန်းကျေးရွာနေ ရာအိမ်မှူး ဦးငွေသိန်း (၆၁)နှစ်တို့နှစ်ဦးသည် ဇရပ်ဆိပ်ကျေးရွာ ဘောလုံးပွဲမှ ၎င်းတို့၏ကျေးရွာများသို့ ဆိုင်ကယ်တစ်စီးဖြင့် အတူပြန်လာစဉ် မဂူရိုးကျေးရွာ ရွာလယ်လမ်းပေါ်အရောက်၌ ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းမင်းအောင်တွင် ယာခါးနှင့် ယာပေါင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးငွေသိန်းတွင် ယာခါးနှင့် ဝဲပေါင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး အထောင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးစဉ် လမ်းခရီး၌ အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသား ကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှိ၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။