၁. ၁. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းရွှေဈေး ကျပ် ၃၇ သိန်းကျော်ဖြင့် အမြင့်ဈေးနှုန်းတွင် ဆက်ရှိနေသည့်အတွက် လက်ဝတ်ရတနာ အထည်ပျက်ပစ္စည်းများကို လာရောက်ရောင်းချသူများနေပြီး ဝယ်လိုအားနည်းနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။
“ရွှေတွင်းတွေကနေ ပစ္စည်းစဝင်လာပြီ။ နောက်အထည် ပျက်တွေကလည်း ဈေးမြင့်တဲ့အပိုင်းဆိုတော့ သူတို့ပြန်လာရောင်းတာတွေရှိတယ်။ ရန်ကုန်မှာကတော့ ပစ္စည်းပေါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ကြေညာပြီးနောက် ပြည်တွင်းရွှေဈေးနှုန်းအတွက် ဒေါ်လာဈေးနှုန်းကို ဈေးကွက်ပေါက်ဈေး တစ်ခုတည်းပေါ်တွင် တွက်ချက်ရခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်တော့ကြောင်း YGEA မှ သိရသည်။
ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၂၀၈၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၃၀,၀၀၀ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၀၆၃ ဒေါ်လာသို့ ပြန်လည်ကျဆင်းလာသည့် ဒီဇင်ဘာ ၃၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၀၅,၀၀၀ ဖြစ်ပေါ်ခဲ့သည်။ ယခုတစ်ပတ် ဈေးနှုန်းစတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၁ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၀၆၆ သို့ ပြန်လည်မြင့်တက်ခဲ့၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၁၅,၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။