၂၉. ၁၂. ၂၀၂၃
Written By Thandar
အောင်စေ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် စိတ်လှုပ်ရှားစရာ လျှို့ဝှက်သည်းဖို ခြောက်ခြားစရာ ဇာတ်လမ်းပုံစံ “လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းကတော့ ဟာသပါမယ်။ စိတ်လှုပ်ရှားစရာ လျှို့ဝှက်သည်းဖို ခြောက်ခြားစရာတွေပါမယ်။ ဝမ်းနည်းစရာလေးနဲ့ ရသစုံအောင် ပုံဖော်ထားပါတယ်။ အဓိကတော့ ဖခင်ဖြစ်သူ သုဘရာဇာမှာ သားသုံးယောက်ရှိမယ်။ တခြားနယ် တစ်ခုရောက်နေပေမယ့် ဖခင်ကို ကျေးဇူးဆပ်ချိန်မှာ ဖခင်ကဆုံးသွားတယ်ပေါ့။ သူတို့နယ်မြို့က ပြန်ရောက်ချိန်မှာ ဒီဇာတ်ကို စတည်ထားပါတယ်။ ပထမဇာတ်ကားနာမည်က ရွာပျော် နာမည်က ပျော်စရာတစ်ခုအနေနဲ့ ပေးလိုက်ပေမယ့် ဒီနာမည်က စီးနေတော့ အနှောင့်အယှက် အခက်အခဲလေးတွေရှိမှာဆိုးလို့ပါ။ နောက်ဆုံးမှာ လိပ်ပြာအံဝှက်လို့ ပြောင်းနာမည်ပေးဖြစ်တာပါ။ အံဝှက်ဆိုတဲ့အတိုင်း ဝှက်ထားပါတယ်။ ပြောလို့မရပါဘူး။ ပရိသတ်မြင်နေကျမဟုတ်တဲ့ ဇာတ်ကို တည်ထားပါတယ်”လို့ ဒါရိုက်တာ စိုးမိုးမင်းက MTNews Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒီဒီထက်အောင်ကရေးသားပြီး ဒါရိုက်တာစိုးမိုးမင်းက ရန်ကုန်မြို့နယ် အပြင်မှော်ဘီက သင်္ချိုင်း ဘက်တွေမှာလည်း အကောင်းဆုံး ပုံဖော်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်အနေနဲ့ အလင်းရောင် ၊ ခင်ဝင့်ဝါ ၊ ထက်အောင်ရှိုင်း ၊ ခင်လှိုင် ၊ သံသာမိုးသိမ့် ၊ ခင်သဇင် ၊ ဆွိ ၊ ဆင်မ ၊ နေဆန်း၊ ထူးနိုင်လင်း၊ စိုးကြီး ၊ ဇော်ဝင်းနိုင်၊ ကေညီ ၊ ဦးတိမ်ညွန့် နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြတာလည်း ဖြစ်ပါတယ်။
“ဒီဇာတ်ကားမှာ ဝေဝေဆိုတဲ့ ကောင်မလေး နေရာက ပေါ့ပေါ့ပါးပါးပဲ သရုပ်ဆောင်ရမှာပါတယ်။ အရမ်းဆိုးတဲ့ ကောင်လေးကို လိုက်ထိန်းရတဲ့သူပေါ့။ ထက်အောင်ရှိုင်းအတွဲနေရာက ဆိုတော့ အရင်ဇာတ်ကားရိုက်ချိတ် မဆုံဖြစ်ပေမယ့် အပြင်မှာတော့ ရင်နှီးကြပါတယ်။ မြတ်သူ ကာရိုက်တာက ပေါက်နေတော့ သရုပ်ဆောင်ရတာလည်း အရမ်းတော့ ကြောက်ပါတယ် ” လို့ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။